ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၉) ရပ်ကွက်မှ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေအား စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးထားကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဒုတိယပတ်အတွင်း ပုသိမ်မြို့သို့သွားရောက်စဥ် သမဝါယမပိုင် ငွေကျပ်သိန်းပေါင်း ကိုးထောင်ကျော်အား ကိုယ်ကျိုးအတွက်သုံးစွဲသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေခံတစ်ဦးကပြောသည်။
" ဦးမြင့်ဆွေရဲ့အဖေ၊ ဦးစစ်မြိုင်လက်ထက်တည်းက သမဝါယမမှာ လုပ်စားလာခဲ့တာကြာပါပြီ။ အသင်းပိုင်ပစ္စည်းတွေကိုလည်းရောင်းစားလာခဲ့တာ ကုန်သလောက်ဖြစ်နေပါပြီ။ ကမ်းနားလမ်းက သမပိုင်မြေနေရာဆိုရင် KBZ ဘဏ်ဖြစ်သွားတယ်။ အောင်သီရိမော် နှစ်ထပ်ရေယာဥ်၊ တုံးလှဲချောင်းကဆန်စက်၊ ၁၂ လမ်းထိပ်က သမရုံးတွေဟာလည်း လူမသိ၊ သူမသိ ရောင်းစားခံလိုက်ရတဲ့ ဟာတွေဖြစ်ပါတယ် " ဟုဒေသခံက ပြောသည်။
ယင်းပြင် ဦးမြင့်ဆွေသည် သမဝါယမအုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်ဖြစ်ကြောင်းနှင့် နှင်းဆီပါတီ၏ မြို့နယ်ဥက္ကဋ္ဌလုပ်ခဲ့ဖူးသူဖြစ်ကြောင်းလည်း ဒေသခံကဆက်လက်ပြောသည်။
သို့သော် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မဇ္ဈိမမှစုံစမ်းနေဆဲဖြစ်သည်။
၎င်းသည်သမဝါယမအုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင်ဖြစ်စဥ်အခါက သမပိုင်ပစ္စည်းများကို ရောင်းစားခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့များကဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မော်လမြိုင်ကျွန်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေသည် အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပြီး ရပ်ကွက်အတွင်းရှိဒေသခံများအား မောက်မာစွာဆက်ဆံခြင်း၊ ဖမ်းဆီးနှိပ်စက်ခိုင်းခြင်းများကို ပြုလုပ်သူ နာမည်ကြီးသူဖြစ်သည်ဟု ဒေသခံကဆိုသည်။
" ဒီလိုလူအဖမ်းခံရတာတော့ မြို့အတွက် တော်တော်ကောင်းပါတယ်။ မြို့ကို ဒုက္ခပေးမယ့်သူ တစ်ယောက် လျော့သွားတော့ပေါ့ " ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။
လက်ရှိတွင် ၎င်းကိုပုသိမ်မြို့တွင်ဖမ်းဆီးထားသည်ဟုသိရပြီး မည်သည့်ပုဒ်မများဖြင့် အရေးယူမည်ကို မသိရသေးကြောင်း မော်လမြိုင်ကျွန်းဒေသခံကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၉) ရပ်ကွက်နေ စစ်ကောင်စီသတင်းပေး ဦးဇော်ဝင်းဆိုသူကို စစ်ကောင်စီတပ်ဖွဲ့များနှင့်ရဲများက ဖမ်းဆီးခဲ့သေးသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”