တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုများ မကြာခဏဖြစ်ပွားနေ သည်ဟု မြိတ်ခရိုင်တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ က ပြောသည်။
“အတော်များများ မိုင်းနင်းမိတဲ့သူတွေက သာမန် အရပ်သားတွေချည်းပဲ များတယ်”ဟု ၎င်းက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့က နှစ်လကျော်အတွင်း ကောက်ယူရရှိထားသည့် စာရင်းများအရ မိုင်းနင်းမိသဖြင့် အရပ်သားသုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အခုတခေါက် မင်းထိန်ရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦး တိုက်မိုင်းထိပြီး ထိခိုက်ဒဏ်ရာ ရတယ်၊ ခြေထောက်ဖြတ်လိုက်ရတဲ့အထိ အခြေအနေပြင်းထန်တယ်လို့သိရပါတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးရာတွင် အသုံးပြုလေ့ရှိသော လမ်းများကို PDF ဘက်မှ တိုက်မိုင်းများ ထောင်ထားခြင်းရှိ၍ ဒေသခံများအနေဖြင့် နယ်မြေကူးသန်းသွားခြင်းများပြုလုပ်ပါက ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံ ဆက်သွယ်အကြောင်းကြား၍ သွားလာကြရန် တောင်းဆိုထားသည်။
ပုလောမြို့နယ်သည် စစ်အုပ်ချုပ်ရေးသတ်မှတ်ထားသည့် ဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားများ က ဒေသခံများရှိရာဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်နေသည်ဟုလည်း သိရ သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ