ဇူလိုင် ၂၅၊ မန်ချက်စတာ ။ ။ မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီက အသင်း၏အဓိက တိုက်စစ်မှူး အဂူရိုသည် ရာသီအစပွဲစဉ် အချို့ကို လွဲချော်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
အဂူရိုကဲ့သို့ပင် ကိုပါအမေရိကဖလားပြိုင်ပွဲ ကစားခဲ့ကြသော ဒီမစ်ချယ်လီ၊ ဇာဘလက်တာနှင့် ဖာနန်ဒင်ဟိုတို့သည်လည်း ရာသီအစပွဲစဉ်အချို့တွင် ပါဝင်နိုင်မည် မဟုတ်ဟု ဆိုသည်။
မန်စီးတီးနည်းပြ ပယ်လီဂရီနီက ၎င်း၏အသင်းအနေဖြင့် ပရီးမီးယားလိဂ်ပွဲစဉ်များ စတင်မည့် သြဂုတ်လ ၈ ရက်နေ့ မတိုင်မီ အဆင်သင့်ဖြစ်နေစေရန် အလိုရှိသော်လည်း နောက်ကျမှ ရောက်လာသူများကို စွန့်စား၍ အသုံးပြုမည် မဟုတ်ကြောင်း ပြောသည်။
'ဘောလုံးလောကမှ အလုပ်ကို ကြိုးကြိုးစားစားလုပ်တာက အရေးကြီးသလို အနားယူခြင်းကလည်း အရေးကြီးပါတယ်။ တစ်ရာသီလုံး ပွဲတွေအများကြီး ကစားခဲ့ပြီးရင် ရက် ၃၀ လောက်ပေးနားဖို့ လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရာသီအပြီးမှာ နိုင်ငံတကာပွဲတွေထပ်ကစား ပြီးတော့ အသင်းကို ပြန်လာရမယ်ဆိုရင် အလုပ်လုပ်ရတာ သူတို့အတွက် အရမ်း ခက်ခဲသွားပါလိ့မ်မယ်။
တောင်အမေရိက ကစားသမားတွေအတွက်ဆို ပိုပြီးခက်ခဲပါတယ်။ သူတို့ဟာ ဇူလိုင်လအတွင်းမှာမှ စနားခဲ့ရတာပါ။ သူတို့အတွက် နားရက်က ရက် ၃၀ မရှိပါဘူး။
ကျွန်တော်တို့ မန်ချက်စတာကို ပြန်ရောက်တဲ့အချိန်မှာ သူတို့ရာသီသစ်အတွက် စတင်ပြင်ဆင်ပါလိမ့်မယ်။ ရာသီအစပွဲတွေမှာ ပါဝင်ဖို့ မသေချာပါဘူး။ ဒါပေမယ့် အချိန်တိုအတွင်းမှာပဲ သူတို့ ပြန်ကစားနိုင်ပါလိမ့်မယ်လို့ အသေအချာ ပြောရဲပါတယ်' ဟု ပယ်လီဂရီနီက ပြောသည်။
Ref: Goal.com