ပရာ့ဂ်မှာ ယူရိုပါကွန်ဖရင့်လိဂ် ဗိုလ်လုပွဲမတိုင်ခင် ဝက်စ်ဟမ်းပရိသတ်တွေဟာ ဖီအိုရင်တီးနား ပရိသတ်တွေရဲ့ တိုက်ခိုက်ခံရအပြီးမှာ လူ ၁၆ ဦးကို ချက်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း အခင်းဖြစ်ပွားချိန်မှာ တိုက်ခိုက်ခံခဲ့ရကြောင်း အတည်ပြုမှုနဲ့အတူ Rytirska လမ်းရှိ ဘားတစ်ခုမှာ လူသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ဝက်စ်ဟမ်းပရိသတ်တစ်ဦးက သူ့သူငယ်ချင်းဖြစ်သူမှာ ခေါင်းကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံရကာ တော်တော်လေးနာသွားခဲ့ရကြောင်း PA News ကို ပြောပါတယ်။
ဗိုလ်လုပွဲဟာ မြန်မာစံတော်ချိန် နံနက် ၁း၃၀ (20:00 BST)မှာ စတင်မှာပါ။
ပရာ့ဂ်မြို့ အရေးပေါ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဂျနာပိုစတိုဗာက လူနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာမှ ကုသပေးခဲ့ပြီး တစ်ဦးမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်တာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ AFP ကို ပြောခဲ့ပါတယ်။
အဲဒီပရိတ်သတ်တစ်ဦးက "အီတလီလူမျိုး ရှစ်ယောက်လောက်က ကြိုးတွေ၊ ချိန်းတွေနဲ့ ဝှေ့ယမ်းပြီး ဖြတ်သွားကြတယ်။ ငါးမိနစ်လောက်ကြာတော့ အဲဒီမှာခဲ့ရှိတဲ့ အဖွဲ့ကြီးတစ်ခုက လမ်းပေါ်ကို ထွက်လာပြီး ကျနော်တို့ကို တိုက်ခိုက်ခဲ့တယ်"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ် မျက်မြင်သက်သေတစ်ဦးက ဝက်စ်ဟမ်းပရိသတ်တွေဟာ “အမှားအယွင်းမရှိခဲ့” ကြောင်းနဲ့ ဖီအိုရင်တီးနားပရိသတ်တွေက “မီးရှူးမီးပန်းတွေ ပစ်ပေါက်ခဲ့ကြတယ်”လို့ PA News ကို ပြောပါတယ်။