စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို စစ်ကောင်စီတပ်သည် အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေ၍ ညောင်ပင်ကြီး၊ အိုမ၊ ထန်းတော၊ ရွာရှည်၊ သိမ်တော်၊ နှင်းတော နှင့် ရွှေအင်းလေး စသည့်ကျေးရွာများမှ ဒေသခံ ဦးရေ သောင်းနှင့်ချီ၍ ရှောင်တိမ်းနေရကြောင်း ဆားလင်းကြီးမြို့အခြေစိုက် Hero Fighter တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်ကပြောသည်။
စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ်သို့ မုံရွာဘက်ကမ်းမှ ယနေ့ ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် ရေလမ်းမှတစ်ဆင့် စစ်ကြောင်းထိုးလာ လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
"လက်ရှိ ပြည်သူနှစ်ဦး ဖမ်းဆီးခံထားရတယ်။ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်နေရတယ်။ ကျွန်တော်တို့လည်းအရေးပေါ် ကင်းထောက်နေပါတယ်" ဟု ဗိုလ်သူရိန်ကပြောသည်။
စစ်ကောင်စီတပ်သည် မုံရွာဘက်မှ ဇက်သင်္ဘောဖြင့်ကူးကာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာတွင် ဝင်ရောက်တပ်ဆွဲနေကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာစဉ် ယနေ့နံနက်တွင် ပြည်သူနှစ်ဦးဖမ်းဆီးခံထားရသည်ဟု ကနဦးသတင်းရရှိပြီး ဖမ်းဆီးခံရသူများ၏ အသေးစိတ်အချက်အလက်နှင့် နောက်ဆက်တွဲအခြေအနေကို မဇ္ဈိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စာတည်း။ ။အောင်ကျော်ဖြိုး
# ပြည်သူ ၂ ဦး ဖမ်းခံထားရ