ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်ကစားသမားဟောင်း အင်နီယေစတာဟာ ဗစ်ဆယ် ကိုဘေးမှာ ငါးနှစ်ကြာကစားပြီးနောက် ဂျပန်ကလပ်ကနေ ထွက်ခွာတော့မှာဖြစ်ပေမယ့် အသက် ၃၉ နှစ်အရွယ်မှာ ဆက်ကစားသွားဖို့ ရည်ရွယ်ထားပါတယ်။
အသက် ၃၉ နှစ်အရွယ် ကစားသမားဟာ ဂျေလိဂ်ရာသီဝက် ဇူလိုင်လ ၁ ရက်မှာ အသင်းအတွက် သူ့ရဲ့နောက်ဆုံးပွဲကို ကစားမှာဖြစ်ပါတယ်။
ဒီရာသီမှာ လိဂ်ဦးဆောင်သူ ဗစ်ဆယ်အတွက် လူစားထိုး (၃)ပွဲသာ ကစားထားတဲ့ အင်နီယေစတာဟာ ချက်ချင်းအနားယူဖို့ အစီအစဉ်မရှိသေးပါဘူး။
“ကျနော့်ရဲ့အချိန်တွေကို ဒီနေရာမှာ သေသေချာချာ အဆုံးသတ်အောင်လုပ်ပြီး ဒီနောက်မှာတော့ ကျနော့်အတွက် ဘယ်လိုရွေးချယ်စရာတွေ ရှိနိုင်လဲဆိုတာ ကြည့်ချင်ပါတယ်”လို့ သူက ပြောပါတယ်။
"ကျနော် ဆက်ကစားချင်ပြီးတက်ကြွနေတုန်းမှာပဲ အဲဒီနောက် အနားယူချင်ပါတယ်။ ဒီမှာလုပ်ဖို့ ကျနော့်အတွက် ခက်ခဲပါတယ်၊ ဒီတော့ နောက်ဆုံးမှာ အနားယူနိုင်တဲ့နေရာကို ရှာချင်ပါတယ်"
အင်နီယေစတာဟာ ၂၀၁၈ မှာ ဗစ်ဆယ်ကို ပူးပေါင်းခဲ့ပြီး ကလပ်အတွက် ၁၃၃ ပွဲကစားကာ ၂၀၁၉ မှာ ဂျပန်ပြည်တွင်း အင်ပါယာဖလားနဲ့ နောက်နှစ်မှာ ဂျပန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ အသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နှစ်စဉ်လစာဒေါ်လာ သန်း ၃၀ နဲ့ ၂၀၂၁ မေလက သက်တမ်းတိုးခဲ့တာပါ။
သူဟာ ဘာစီလိုနာမှာ ၂၂ နှစ်ကြာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး စီနီယာကစားသမားဘဝပွဲပေါင်း ၆၇၄ ပွဲမှာ ဆုဖလား ၃၂ လုံး ရရှိခဲ့ပါတယ်။
သူက ဗစ်ဆယ်ကနေ ထွက်ခွာဖို့ ရွေးချယ်ခဲ့တာဟာ "ကျနော့်ရဲ့ ကစားသမားဘဝအတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်တယ်"လို့ ပြောပါတယ်။
"ကျနော် ဒီမှာ အနားယူမယ်လို့ အမြဲတွေးထားပေမယ့် ကျနော် လိုချင်သလို အရာတွေက ဖြစ်မလာခဲ့ဘူး"လို့ သူက ဆိုပါတယ်။
"ပြီးခဲ့တဲ့လ အနည်းငယ်အတွင်းမှာ ကျနော်ဟာ အသင်းကို ပံ့ပိုးကူညီဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပေမယ့် နည်းပြမှာ မတူညီတဲ့ ဦးစားပေးမှုတွေ ရှိနေတယ်လို့ ခံစားလာရပါတယ်။"