(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ရှိ လမ်းဆုံမီးပွိုင့်တွင် မိုင်းထောင်နေစဉ် မိုင်းမတော်တဆပေါက်ကွဲသဖြင့် မြို့ပြပြောက်ကျားရဲဘော် နှစ်ဦး ကျဆုံးသွားကြောင်း အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးထံမှ သိရသည်။
ယမန်နေ့ မတ်လ ၂ရက် ည၈နာရီအချိန့်ခန့်တွင် အင်းတော်မြို့အတွင်း ကင်းပတ်နေသည့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့်ကားအား မိုင်းဖောက်ခွဲရန် ကြိုးစားနေသည့် အသက်၂၀ ကျော်အရွယ် ပြောက်ကျားရဲဘော်နှစ်ဦး ကျဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“ည ၈နာရီခွဲအချိန်မှာ သူတို့က ကင်းပတ်နေတဲ့ ရဲကားကိုမိုင်းထောင်ဖို့လုပ်တာ မိုင်းပေါက်ကွဲပြီးတော့ သေသွားတာပါ၊ ရဲဘော်တွေကတော့ မြို့ပြပြောက်ကျား ဆိုတော့ နာမည်ကတော့ ပြောလို့မရဘူးဗျ။ အလောင်းကတော့ ပေါက်ကွဲတဲ့အချိန်မှာ တစ်စစီမွကြေသွားတာပေါ့ ၊ခြေထောက်ဆိုခြေထောက် လက်ဆိုလက် အသားစတွေအကုန် မွသွားတာဆိုတော့ မနေ့ကတော့ ရဲတွေကောက်သွားတယ်ဗျ” ဟု အင်းတော်မြို့ပြပြောက်ကျား ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လမ်းဆုံမီးပွိုင့်အနီးတွင် အင်းတော်မြို့မရဲစခန်းမှ ရဲများက သေနတ်များ ရမ်းသန်းပစ်ခတ်ခဲ့သည့်အပြင် ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်သားများက အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးမှုများ ထပ်မံလုပ်ဆောင်သွားသည်ဟုလည်း ဆိုသည်။
မိုင်းပေါက်ကွဲမှုကြောင့် မီးပွိုင့်လမ်းဆုံအနီးရှိ ရဲများကင်းစောင့်ရာဘန်ကာ အဆောက်အအုံ ပျက်စီးသွားခဲ့ကြောင်းလည်း သိရသည်။
အင်းတော်မြို့ မီးပွိုင့်လမ်းဆုံသည် လမ်းသုံးခုဆုံသောနေရာဖြစ်သဖြင့် စစ်ကောင်စီတပ်များက အဆိုပါလမ်းဆုံနေရာတွင် စစ်ဆေးမှုများပြုလုပ်လေ့ရှိသည်ဟုလည်း မြို့ပြပြောက်ကျားရဲဘော်က ပြောသည်။
အင်းတော်မြို့နယ်သည် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည့်မြို့လည်း ဖြစ်သည်။
အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံကိုမင်းမင်းဦး(ခ)ကိုလမင်းကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးပြီး အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်ကာ ဖေဖော်ဝါရီလ ၂၇ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)