တူရင်၊ ဇူလိုင် ၈။ ။ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းသည် ရာသီသစ်အတွက် ပြင်ဆင်မှုအနေဖြင့် ဆက်ဆူအိုလိုအသင်းမှ အီတလီလက်ရွေးစင် တိုက်စစ်မှူး ဆိုင်မွန်ဇာဇာကို ထပ်မံခေါ်ယူလိုက်ပြီ ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိ ဇာဇာအတွက် ဂျူဗင်တပ်စ်အသင်းသည် ပြောင်းရွှေ့ကြေး ယူရို ၁၈ သန်း ပေးချေရမည် ဖြစ်ပြီး ငါးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းနှင့် ဆက်ဆူအိုလိုအသင်းတို့သည် ဇာဇာကို ပူးတွဲပိုင်ဆိုင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ်နွေရာသီကမှ ဆက်ဆူအိုလိုက အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ သို့သော် ဇာဇာ၏ ခြေစွမ်းပြနိုင်မှုကြောင့် ယခု ဂျူဗင်တပ်စ်အသင်းက ပြန်လည် ခေါ်ယူခြင်း ဖြစ်သည်။
ဇာဇာ၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဆက်ဆူအိုလိုအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြသည်။
ဇာဇာသည် ဆက်ဆူအိုလိုအသင်းတွင် နှစ်ရာသီကြာ ကစားခဲ့ရာတွင် ၆၉ ပွဲ၌ ၂၁ ဂိုး သွင်းယူနိုင်ခဲ့သည်။ ပြီးခဲ့သည့်ရာသီက စီးရီးအေတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လိဂ်သွင်းဂိုး ၉ ဂိုး သွင်းယူနိုင်ခဲ့သည်။
အီတလီလက်ရွေးစင်အဖြစ် ၂၀၁၄ ခုနှစ် သြဂုတ်လက ရွေးချယ်ခံခဲ့ရပြီး ငါးပွဲပါဝင်ကစားကာ ၁ ဂိုးသွင်းယူထားသည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း