ဖေဖော်ဝါရီလ ၂၀ ရက်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ကင်းပတ်ရန်ထွက်ခွာနေစဥ် ကယား(ကရင်နီ)တပ်ပေါင်းစု(KRU)နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ မှ ၆ နာရီအထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိသည်ဟု KRU က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“တိုက်ပွဲမှာ ရန်သူဘက်က ခြောက်ဦးခန့်သေဆုံးတဲ့အပြင် MA-1 သေနတ်တစ်လတ်၊ ကျည်ဘောက် သုံးဘောက်၊ ကျည် ၂၂၅ တောင့် ရယူနိုင်ခဲ့တယ်” ဟု KRU အဖွဲ့ က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး အသုံးပြုတိုက်ခိုက်သော်လည်း တပ်ပေါင်းစုအဖွဲ့ဘက်မှ တစ်စုံတရာ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)သည် ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်ကို အဆုံး ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ