နိုင်ငံတော်အာဏာကို စစ်တပ်က သိမ်းယူခဲ့သည်မှာ (၂)နှစ်ပြည့်မြောက်ခဲ့ပြီ။စစ်တပ်၏ အုပ်ချုပ်မှုကို ပြည်သူလူထုက လက်မခံဘဲ နည်းမျိုးစုံတော်လှန်နေသည်။ ပရမ်းပတာအုပ်ချုပ်ရေးဖြင့် တရွတ်ဆွဲ ခရီးဆက်နေသော စစ်တပ်(စစ်ကောင်စီ)လက်အောက်မှ တိုင်းပြည်အခြေအနေသည် အဖက်ဖက်တွင် အခြေအနေဆိုးနေသည်။
နိုင်ငံစီးပွားရေးမှာလည်း စစ်အာဏာမသိမ်းခင်ကာလများကဲ့သို့ မဟုတ်တော့ဘဲ အဆိုးဘက်သို့ ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီး ထိုအကျပ်အတည်းကို လူထုလူတန်းစားမရွေး ခါးစည်းခံနေကြရပြီဖြစ်သည်။
စစ်တပ်အာဏာသိမ်းထားသည့် ၂ နှစ်မြောက်နေ့က ရန်ကုန်မြို့တနေရာမှ အခြေခံလူတန်းစားများအချင်းချင်းပြောဆိုနေသည့်စကားများသည် ယနေ့ခေတ် နိုင်ငံစီးပွားရေးအခြေအနေဆိုးကို ဖော်ညွှန်းနေသည်။
“ပဲပြုတ်သုံးရာဖိုး မရတော့လို့ပါ။ ငါးရာဖိုးအနည်းဆုံးရောင်းတာမို့ပါ”
ပဲပြုတ်သည်က သူ့ရှေ့မှ အမျိုးသမီးတစ်ဦးကို ပြောလိုက်ခြင်းဖြစ်သည်။အားနာသည့်မျက်နှာအမူအရာအပြင် စကားပြောနေရင်း အသံပါ တိမ်၀င်သွားသည်။
တဖက်တွင်လည်း အသက် (၃၀)အရွယ်ခန့် အမျိုးသမီးတစ်ဦးက သူ့ကလေးငယ်ကို လက်တစ်ဖက်က ပွေ့ချီထားကာ ကျန်လက်တစ်ဖက်ထဲတွင် အကြွေအချို့ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်ကိုတွေ့ရသည်။
“ဒါဆိုလည်း ငါးရာဖိုးပဲပေးပါ။ ပို့ထည့်ပေးပါဦး။ ထမင်းချိုင့်အတွက်ရော မနက်စာအတွက်ပါ စီစဥ်ရမှာမလို့” ဟု ပြန်ပြောနေသည်။
အထက်ပါ အကြောင်းအရာက စစ်ကောင်စီလက်ထက်မှ အခြေခံလူတန်းစားများ၏ နေ့စဥ် လူမှုဘဝမြင်ကွင်းများထဲမှ တစ်ခုဖြစ်ပါသည်။
စာရေးသူအနေဖြင့် စစ်အာဏာရှင်အုပ်ချုပ်ရေး (၂)နှစ်ပြည့်အတွက် စီးပွားရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာတခုရေးရန် ကုန်ကြမ်းရှာရင်း အိမ်အပြင်သို့ထွက်လာချိန် လမ်းခုလတ်တနေရာတွင် အဆိုပါမြင်ကွင်းကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။
ပဲပြုတ်သည်အမည်က မအိငယ်။ သူ့ထံ ယနေ့ စျေး လာဝယ်သည့် အမျိုးသမီးက တနေ့စာဝမ်းရေး
ကို ပဲပြုတ်ဖြင့် ဖြေရှင်းရမည်ဖြစ်သလို သူကိုယ်တိုင်လည်း ရောင်းမကုန်သည့် ပဲပြုတ်ကို မိသားစုထမင်းဝိုင်းဆီ မကြာခဏ ပြန်သယ်ဆောင်နေရသည်ဟု ငြီးတွားရှာသည်။
“ပဲစျေးတွေကလည်းတက်တော့ စျေးတင်ပြီးရောင်းရတာ အားလည်းနာတယ်။ အရင်က ပဲ တစ်ပိဿာရောင်းရင် တစ်သောင်းကျန်ပေမယ့် အခုတော့ ခုနှစ်ထောင် ကျန်ဖို့တောင်မနည်းရောင်းနေရတယ်။ တချို့ရက်တွေမှာ ရောင်းမကုန်ရင် မိသားစုဟင်းစားကို ပဲပြုတ်နဲ့ပဲဖြေရှင်းရတယ်” ဟု မအိငယ်က ဆိုသည်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀ ရာခိုင်နှုန်းနီးပါး မြှင့်တက်လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ရာခိုင်နှုန်းနဲ့ပြောရင် ခန့်မှန်းရခက်ပေမယ့် တကယ်တမ်းစဥ်းစားကြည့်တဲ့အခါ ပြည်တွင်းက ကျပ်ငွေတန်ဖိုးဟာ (၁)သိန်းဆိုရင် (၇)သောင်းလောက်ပဲ တန်ကြေးရှိတော့တာမျိုးပေါ့။ စစ်တပ်က အာဏာမသိမ်းခင်မှာ ပြည်သူတွေအနေနဲ့ ကိုဗစ်ကြောင့် စီးပွားရေးအပါအ၀င် အစစအရာရာ နလန်မထူနိုင်သေးဘူး။ အဲ့ဒီအချိန်က ငွေကြေးဖောင်းပွမှုက မသိသာသေးဘူး။ အာဏာသိမ်းပြီး ၂နှစ်အတွင်းမှာတော့ ငွေကြေးဖောင်းပွမှုက သိသိသာသာမြင့်တက်လာတဲ့သဘောပါပဲ” ဟု မဇ္ဈိမ၏ စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက ပြောဆိုသည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုဟာ ကြောက်ခမန်းလိလိ မြင့်တက်လာတယ်လို့လည်း ၎င်းက ဆိုသည်။
ဘောဂဗေဒ သီအိုရီအရ ပြည်တွင်းတွင် လည်ပတ်နေသည့် ငွေကြေးပမာဏနှင့် ပြည်တွင်းက ထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှုပမာဏတို့ အချိုးညီတဲ့ အားမျှခြေအပေါ်မှာ ရှိနေရန်လိုအပ်သည်ဟု ပညာရှင်များကဆိုသည်။အကယ်၍ ပြည်တွင်းတွင် လည်ပတ်နေသည့် ငွေကြေးပမာဏကများနေပြီး ပြည်တွင်းက ထုတ်လုပ်သည့် ကုန်ထုတ်လုပ်မှု ပမာဏကနည်းနေပြီဆိုပါက တိုင်းပြည်တွင် ငွေကြေးဖောင်းပွမှု ရှိနေပြီလို့ အကြမ်းဖျင်းသတ်မှတ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ပြောဆိုသည်။
ငွေကြေးဖောင်းပွမှုနှင့်အတူ အခြေခံစားသောက်ကုန်များမှာလည်း ဆက်လက်မြင့်တက်နေလာသည်။စစ်တပ်အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ် ရှေ့နှစ်များက အခြေခံလူတန်းစားများစားသည့် ရွှေသွယ်ဆန်တစ်အိတ် ၃၅၀၀၀ကျပ်ဝန်းကျင်သာ ရှိခဲ့သည်။ ယခုအခါ
ရွှေသွယ်ဆန်တစ်အိတ်လျှင် ခုနှစ်သောင်းကျပ်ဝန်းကျင်အထိ နှစ်ဆ မြင့်တက်သွားပြီ။
“အရင်က လုပ်အားခ တစ်ရက် ရှစ်ထောင်ဆိုရင် ဆန်တပြည်နဲ့ ဟင်းစားဖြေရှင်းလို့ရသလို နှစ်ထောင် လောက်ကျန်တယ်။ အခုတော့ အလုပ်ကလည်းမရှိသလောက်ရှားတယ်ဗျာ။ အလုပ်ရှိရင်တောင် တစ်ရက် လုပ်အားခက အရင်လို မလောက်ငဘူး” ဟု ရပ်ကွက်စျေးဆိုင်တွင် ကြက်ဥလာ၀ယ်သည့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ငြီးတွားပြောဆိုနေသည်။
ယခင်က ကြက်ဥ တစ်လုံး တစ်ရာကျပ် ၀န်းကျင်မှ ယခုအခါ ၂၅၀ ကျပ်၀န်းကျင်သို့ ရောက်ရှိလာချိန် ကြက်ဥပင် အလျှင်မှီအောင် မစားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။
“ကြက်ဥတောင် အကောင်းမဟုတ်ဘဲ အကွဲကို သေချာရွေးပြီးဝယ်စားရတယ်။ ဆန်ဆိုတာလည်း ပေါ်ဆန်းမွှေးဆိုတာ ဘယ်လိုအရသာလဲဆိုတာ လုံး၀မေ့နေပြီ။ ဆန်ကြမ်းတောင် တစ်ပြည်ချင်းပဲဝယ်စားနိုင်တော့တာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စီးပွားရေးကျဆင်းခြင်း၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ ပြည်တွင်းအထည်ချုပ်စက်ရုံအချို့ ပိတ်သိမ်းသွားခြင်းတို့၏ နောက်ဆက်တွဲဂယက်များက
လုပ်ခလစာမလုံလောက်ခြင်း၊ အလုပ်လက်မဲ့အရေအတွက် များပြားလာခြင်းတို့ကြုံတွေ့နေရပြီး ဆင်းရဲကျပ်တည်းမှုဒဏ်သည် အခြေခံလူတန်းစားများကို တိုက်ရိုက်ထိုးနှက်နေသည်။
စစ်ကောင်စီခေါင်းဆောင်က နိုင်ငံတော်အာဏာကို ၎င်းတို့ယူပြီးနောက်ပိုင်း နိုင်ငံတကာ၏ ပိတ်ဆို့မှုနှင့် ပြည်ပမှသွေးထိုးလှုံ့ဆော်မှုများကြောင့် ဘဏ်လုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍများတွင် အခက်အခဲများရှိခဲ့သည်ဟု ထုတ်ပြောထားသည်။အဆိုပါ အခက်အခဲများအားလုံးသည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှုကြောင့်သာလျှင် နောက်ဆက်တွဲပေါ်ပေါက်လာခြင်း
ဖြစ်ကြောင်း လူထုက ပြစ်တင်ရှုံ့ချထားသည်။
နိုင်ငံ၏ စီးပွားရေးကျဆင်းမှုက စစ်ခေါင်းဆောင်၏ အသိုင်းအဝိုင်းကိုထိပါးမည်မဟုတ်ဘဲ အခြေခံလူတန်းစားများ၏ ထမင်းအိုးကိုမူ နေ့စဥ်ရက်ဆက်ရိုက်ခွဲနေပြီဖြစ်သည်။
" မယုံမရှိနဲ့။ ကျွန်တော်တို့ ထမင်းငတ်တဲ့နေ့တွေရှိတယ်။ အလုပ်မှမရှိတာ" ဟု ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်မှ ကျပန်းအလုပ်လုပ်ကိုင်သူ ဦးလှထွန်းကပြောသည်။
လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ စစ်ကောင်စီက အကျဘက်ကိုရောက်နေပြီး လူထုတော်လှန်ရေးက အသာစီးရလာပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ခပ်စိပ်စိပ်ပြောဆိုလာသည်။ စစ်ကောင်စီက နိုင်ငံတော်အာဏာကို နှစ်နှစ်ယူခဲ့သည့်တိုင် တည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးဘဲ တော်လှန်လူထု၏ အားကို တစ်စတစ်စ အရှုံးပေးလာရပြီဖြစ်သည်။
သို့သော်စစ်ခေါင်းဆောင်က နိုင်ငံစီးပွားရေးသည် ထိုက်သင့်သလောက် ပြန်လည်တိုးတက်လာလာပြီဖြစ်၍ မိမိတို့ နိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ ပြန်လည်ဦးမော့လာပြီဟု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပြန်သည်။သူကိုယ်တိုင်ကမူ
နိုင်ငံတော်ကို နောက်ထပ် (၆)လ အုပ်ချုပ်ခွင့်သက်တမ်း မကြာသေးမီကမှ ကသုတ်ကယက် တိုးထားရသည်။
စာတည်း - မောင်ကြီး