ပါကစ္စတန်နိုင်ငံတွင် လက်ရှိဘဏ္ဍာနှစ်၏ ပထမဆုံး ငါးလ (ဇူလိုင်မှ နိုဝင်ဘာအထိ) အတွင်း နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုသည် ထက်ဝက်ကျော် ကျဆင်းပြီး ဒေါ်လာ ၄၃၀ ဒသမ ၁ သန်းကို ရောက်ရှိခဲ့ကြောင်း ဗဟိုဘဏ်၏ ဒီဇင်ဘာ ၁၆ ရက် ဒေတာအချက်အလက်များက ပြသသည်။
အစောပိုင်းတစ်နှစ်၏ အလားတူကာလအတွင်း FDI စီးဝင်မှုပမာဏသည် ဒေါ်လာ ၈၈၄ ဒသမ ၉ သန်း ဖြစ်သည်။
နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် ဒေတာအချက်အလက်များအရလည်း အလားတူ ကျဆင်းမှုကို မြင်တွေ့ရပြီး အဆိုပါလတွင် FDI ဝင်ရောက်မှုပမာဏက ဒေါ်လာ ၈၁ ဒသမ ၈ သန်းဖြစ်ကာ ယမန်နှစ် အလားတူကာလက ဒေါ်လာ ၁၅၈ ဒသမ ၄ သန်းနှင့် နှိုင်းယှဉ်ပါက ၄၈ ရာခိုင်နှုန်း ကျဆင်းသွားသည်။
ယခုနှစ်စပိုင်းနောက်ပိုင်း နိုင်ငံတွင် စီးပွားရေးနှင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများ ရှိနေစဉ် လက်ရှိအချိန်တွင် နိုင်ငံခြားသားများက ပါကစ္စတန်ကို ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်နိုင်သော နေရာတစ်ခုအဖြစ် ရှုမြင်ခြင်း မရှိတော့ကြောင်းကို ယခု FDI ဝင်ရောက်မှုများ ကျဆင်းနေခြင်းက ပြသနေသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု ကျဆင်းခြင်းက ပါကစ္စတန်နိုင်ငံအတွက် ခက်ခဲစေနိုင်ပြီး အဆိုပါနိုင်ငံသည် နိုင်ငံခြားအရန်သုံးငွေကြေးများ နည်းပါးမှုနှင့်လည်း ရင်ဆိုင်နေရသည်။