တရုတ်နိုင်ငံတွင် အရေးပါဆုံးသော နိုင်ငံရေးအခမ်းအနားများ မစတင်မီ ရက်ပိုင်းအလို၌ တာဝန်ရှိသူများသည် ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေစဉ်မှာ ရှန်ဟိုင်း၌ ကိုဗစ်ကူးစက်မှုများသည် ၃ လအတွင်းအမြင့်ဆုံး ရောက်ရှိခဲ့ပြီး တိတ်တဆိတ်ပြုလုပ်သော ကန့်သတ်ချက်များသည် နိုင်ငံတစ်ဝန်းရှိ အခြားမြို့ကြီးများအထိ ပျံ့နှံ့သွားသည်။
ရှန်ဟိုင်း၌ အောက်တိုဘာ ၁၂ ရက်က ကိုဗစ်အတည်ပြုလူနာ ၄၇ ဦးတွေ့ရှိခဲ့ပြီး ဇူလိုင်၁၃ ရက်နောက်ပိုင်း ကူးစက်မှု အမြင့်ဆုံးဖြစ်သည်။ ဇူလိုင်လက ကိုဗစ်ကူးစက်မှုအနည်းငယ်မြင့်တက်လာစဉ်က နောက်ထပ် ပိတ်ဆို့မှုများ ချမှတ်လာမည်ကိုလည်း စိုးရိမ်ခဲ့ကြသည်။
ပေကျင်းတွင် အောက်တိုဘာ ၁၂ ရက်က ကိုဗစ်ကူးစက်သူ ၁၈ ဦးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ဒေသတွင်းကူးစက်သူ ၁ ၄၀၆ ဦးရှိခဲ့ကာ အစောပိုင်းတစ်ရက်က အတည်ပြုလူနာ ၁၇၀၉ ဦး ရှိခဲ့သည်။
ရောဂါကူးစက်မှုပျံ့နှံ့လာမည်ကို စိုးသဖြင့် ရှန်ဟိုင်းရှိ စာသင်ကျောင်းအများအပြားသည် လူကိုယ်တိုင်တက်ရောက်ရသည့်အတန်းများကို ပိတ်ပစ်ခဲ့ကြောင်း လူမှုမီဒီယာပို့စ်များနှင့် မိဘများ၏ ပြောကြားချက်အရ သတင်းတွင်ဖော်ပြထားသည်။
ဆိပ်ကမ်းမြို့ တီယန်ကျင်းတွင်လည်း ရပ်ကွက်တစ်ခုကို အသွားအလာပိတ်ဆို့ထားသလို ကွမ်ကျိုးမြို့တောင်ပိုင်း ဒေသတစ်ခုရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားသည်။ iPhone ထုတ်လုပ်ရာ ဗဟိုချက်ဖြစ်သော ကျန်းကျိုးမြို့တွင်လည်း ဒေသ ၂ ခုထက်မနည်းကို တိတ်တဆိတ် အသွားအလာပိတ်ဆို့ထားသည်။
ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ရှန်ဟိုင်းတွင် စာသင်ကျောင်းများကို သင့်သလို ပိတ်ထားသလို ရပ်ကွက် ၅ ခုထက်မနည်းရှိ ရုပ်ရှင်ရုံများ၊ ဘားများနှင့် အားကစားခန်းမများအပါအဝင် ဖျော်ဖြေရေးနေရာများကို ပိတ်ထားသည်ဟု ကိုဗစ်ကာကွယ်တားဆီးရေးရုံးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သမ္မတရှီနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် တိုက်ခိုက်သည့် ရှားရှားပါးပါး ဆန္ဒပြမှုနှင့်ပတ်သက်သော ဓာတ်ပုံနှင့်ဗီဒီယိုများသည် လူမှုမီဒီယာပေါ်၌ ပျံ့နှံ့လာပြီးနောက် ရဲ နှစ်ဒါဇင်ခန့်သည် ပေကျင်းမြို့လမ်းဆုံများတွင် ကင်းလှည့်ခဲ့ကြသည်။ ပေကျင်းမြို့ဂုံးတံတားပေါ်တွင် ချိတ်ဆွဲထားသော နဖူးစည်းစာတန်းတစ်ခု၌ “ငါတို့ စားနပ်ရိက္ခာလိုချင်တယ်။ ဓာတ်ခွဲစမ်းသပ်မှုတွေ အလိုမရှိဘူး။ လွတ်မြောက်မှုလိုချင်တယ်။ ပိတ်ဆို့ ထိန်းချုပ်မှုတွေ အလိုမရှိဘူး” ဟူသော စာသားများနှင့်အတူ တခြားသော ကြွေးကြော်သံဆောင်ပုဒ်များ ရေးသားထားသည်။