ရန်ကုန်၊ ဇွန် ၉ ။ ။ လူငယ်များရဲ့အသံ ဂီတပွဲတော် Voice Of The Youth Musical Festival ကို ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ကျင်းပပြုလုပ်မည် ဖြစ်သည်။
ထိုပွဲတော်ကို မြန်မာနိုင်ငံရှိ လူငယ်များ၏ မျှော်မှန်းချက်၊ အိပ်မက်များကို ဂီတအားဖြင့် ထုတ်ဖော်ပြနိုင်စေရန် ရည်ရွယ်ပြီး Turning Tables၊ ဒိန်းမတ် သံရုံးနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနတို့က ပူးပေါင်းကျင်းပခြင်း ဖြစ်သည်။
Turning Tables အဖွဲ့သည် မြန်မာနိုင်ငံတစ်ဝှမ်း လှည့်လည်သွားလာပြီး တိုင်းရင်းသား လူငယ်အဖွဲ့ များနှင့်အတူ တေးဂီတများ ဖန်တီးခဲ့သည်။ ယခုပွဲတော်တွင် ထိုအဖွဲ့များ၏ ကိုယ်စားပြု အဖွဲ့အချို့ဖြစ်သော Side Effect, Nightmare, Cyclone, MJN စသည့် တီးဝိုင်းများအပြင် အခြား မြန်မာဂီတ အဖွဲ့ပေါင်း ၃၀ ကျော် နှင့်အတူ ဖျော်ဖြေကြမည် ဖြစ်သည်။
ပွဲတော်၏ ပထမရက်တွင် နိုင်ငံအဝှမ်း၌ ကျင်းပခဲ့သည့် လူငယ်များရဲ့အသံ သီချင်းပြိုင်ပွဲတွင် ဆုရရှိသည့်အဖွဲ့ နှစ်ဖွဲ့ ကို ကြေ ညာပေးသွားမည်ဖြစ်ပြီး ထိုအဖွဲ့ နှစ်ဖွ့ဲက လူမှုရေး အပြောင်းအလဲများ အကြောင်း ရေးဖွဲ့ထားသည့် သီချင်းသစ်များဖြင့် သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။
Turning Tables အဖွဲ့သည် ကမ္ဘာတစ်ဝှမ်းရှိ ဘေးဖယ်ခံထားရသော လူငယ်များ၏ အသံကို ရုပ်ရှင်၊ ဂီတ အနုပညာများဖြင့် တိုးချဲ့မြှင့်တင်ပေးရန် ရည်ရွယ်ပြီး လူငယ်များရဲ့အသံ အစီအစဉ်တွင် ပါဝင်ကြသည့် လူငယ်များသည် မြန်မာနိုင်ငံ၏ အနာဂတ် အတွက် ၎င်းတို့ မျှော်မှန်းတောင့်တသည့် အရာများကို ဂီတအားဖြင့် ဖော်ထုတ်နိုင်ရန် ဆောင်ရွက်ပေးရာတွင် အောင်မြင်မှုများ ရရှိနေပြီ ဖြစ်သည်ဟုလည်း Turning Tables ၏ ဒါရိုက်တာ ဖြစ်သူ Martin Fernando Jacobsen က ပြောသည်။
ဒိန်းမတ်ရော့ခ် တီးဝိုင်းဖြစ်သည့် Dune ကလည်း လူငယ်သီချင်းရေး ဆရာများနှင့် လက်တွဲလုပ်ဆောင်နေပြီး ဂီတပွဲတော် ပြီးချိန်တွင် ‘လူငယ်များရဲ့အသံ’ အယ်ဘမ်ကို ထိုဂီတပညာရှင်များကိုယ်တိုင် ဖန်တီးထားသည့် သီချင်းများဖြင့် ထုတ်လုပ်သွား မည် ဖြစ်သည်။
ပွဲတော်ကို ပြင်သစ်ယဉ်ကျေးမှု ဌာနတွင် ပြုလုပ်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ ဖြစ်သည်။ ပွဲတော်အတွက် ပြင်သစ်တီးဝိုင်း ဖြစ်သည့် My Name is Nobody ကို ဖိတ်ခေါ်ထားကာ ပွဲတော် မကျင်းပမီ တစ်ပတ်ခန့် အလိုတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ် သည်။
မြန်မာတီးဝိုင်းများနှင့်အတူ ဂီတပွဲတော် အကြိုဖွင့်ပွဲ အဖြစ် ဇွန်လ ၁၂ ရက်တွင် မန္တလေးမြို့၌ အထူးရှိုးပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်ရှိ ကလေးသူငယ် သင်တန်းကျောင်းများတွင်လည်း ဖျော်ဖြေကြမည် ဖြစ်သည်။