လန်ဒန်၊ ဇွန် ၂ ။ ။ နည်းပညာကုမ္ပဏီ Asus က ၎င်းတို့၏ စမတ်နာရီသစ် Zen Watch 2 ကို အရွယ်အစား နှစ်မျိုးနှင့် ထုတ်လုပ်သွားမည်ဟု T3 သတင်းဌာနက ဖော်ပြထားသည်။
အရွယ်အစား ၄၉ မီလီမီတာနှင့် ၄၅ မီလီမီတာ နှစ်မျိုးထုတ်လုပ်မည်ဖြစ်ပြီး ၄၉ မီလီမီတာ အရွယ်အစားအတွက် လက်ပတ်ကြိုး ၂၂ မီလီမီတာရှိမည်ဖြစ်ပြီး ၄၅ မီလီမီတာအတွက် လက်ပတ်ကြိုး ၁၈ မီလီမီတာ ရှိမည် ဖြစ်သည်ဟု T3 သတင်းက ဖော်ပြထားသည်။
လက်ပတ်ကြိုး အရွယ်အစားအတွက် စံသတ်မှတ်ချက်သည် ၂၂ မီလီမီတာ ဖြစ်သည်ဟုလည်း T3 သတင်းက ဆိုသည်။ Apple စမတ်နာရီများသည် အရွယ်အစား ၄၂ မီလီမီတာနှင့် ၃၈ မီလီမီတာ တို့ဖြင့် ထုတ်လုပ်ထားသည်။
Asus Zen Watch 2 ကို ငွေရောင်၊ သတ္တုရောင်နှင့် ရွှေရောင် သုံးမျိုး ထုတ်လုပ်ထားပြီး လက်ပတ်ကြိုးကို သံမဏိကြိုး၊ ရာဘာနှင့် သားရေကြိုးများ တပ်ဆင်ထားသည် ဟု T3 သတင်းက ဆိုသည်။
Asus စမတ်နာရီသစ်၏ မျက်နှာပြင်ကို AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass 3 ကို တပ်ဆင် ကာကွယ်ထားသည်။ သံလိုက်စွမ်းအင်သုံး ဘက်ထရီ အားသွင်းစနစ်ကို အသုံးပြုထားသဖြင့် ဘက်ထရီ အားသွင်းချိန် အနည်းငယ်အတွင်း အားပြည့်နိုင်မည်ဖြစ်သည်ဟု T3 က ညွှန်းဆိုထားသည်။
Asus စမတ်နာရီသစ်တွင် ကင်မရာ စွမ်းဆောင်ရည်များကိုလည်း ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ထားသည်။ Asus က ထုတ်လုပ်မည့် စမတ်နာရီသစ်၏ အသေးစိတ် အချက်အလက်များ၊ အမျိုးအစား တစ်ခုချင်းစီ၏ ဈေးနှုန်းနှင့် စတင်ရောင်းချမည့် အချိန်တို့ကို စက်တင်ဘာလအတွင်း ကြေညာသွားမည်ဟု Asus က ပြောဆို ထားသည်။
ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်သည့် Motorola ကလည်း စမတ်နာရီသစ်တစ်လုံးကို လာမည့် သီတင်းပတ်အတွင်း မိတ်ဆက်ဖွယ်ရှိနေပြီး ယင်းစမတ်နာရီကိုလည်း အရွယ်အစား နှစ်မျိုးဖြင့် ထုတ်လုပ်လိမ့်မည်ဟု T3 က ဖော်ပြထားသည်။