ဝါရှင်တန်၊ ဇွန် ၂ ။ ။ တနင်္လာနေ့က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနအရာရှိက ရိုက်တာသတင်းဌာနကို ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုက AT-4 တင့်ကားဖျက် လက်နက် ၂,၀၀၀ကို အီရတ်အတွက် ရည်ရွယ်ပြီး ထုတ်ပေးခဲ့ရာတွင်၊ ၁,၀၀၀ကို ဘဂ္ဂဒက်အစိုးရထံသို့ တိုက်ရိုက်ပေးပို့ခဲ့ပြီး ကျန်သည့်တစ်ဝက်ကိုမူ အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့က အီရတ်များကို လေ့ကျင့်ပေးရန်နှင့် အနာဂတ်အရေးပေါ် အခြေအနေများအတွက် အသုံးပြုရန် ထိန်းသိမ်းထား သည်ဟု ဆိုသည်။
လက်နက်များကို လွန်ခဲ့သည့် နှစ်ရက်သုံးရက်က ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ အဆိုပါ အမည်မဖော်လိုသူ အရာရှိက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
ပင်တဂွန်စစ်ဌာနချုပ်ကမူ ယင်းကဲ့သို့ လက်နက်များ ထုတ်ပေးခြင်းမှာ အီရတ်များအား ဗုံးများ တပ်ဆင်ထားသည့် ယာဉ်များကို မောင်းနှင်ချဉ်းကပ်လာမည့် အသေခံဗုံးခွဲသမားများရန်မှ ခုခံကာကွယ်နိုင်ရေး အကူအညီပေးရန်ဖြစ်သည်ဟု ဆိုသည်။ အိုင်အက်စ်စစ်သွေးကြွများက ယမန်လက အီရတ်တပ်ဖွဲ့များထံမှ ရာမာဒီကို သိမ်းပိုက်ရာတွင် ထိုပုံစံတိုက်ခိုက်မှုကို အသုံးပြုခဲ့ ကြသည်။
အိုင်အက်စ်တို့က အန်ဘာပြည်နယ်၏ မြို့တော်ဖြစ်သော ရာမာဒီကို သိမ်းပိုက်လိုက်နိုင်ခြင်းမှာ တစ်နှစ်တာအတွင်း ဘဂ္ဂဒက်အစိုးရ၏ အသိသာ အထင်ရှားဆံုံး နောက်ဆုတ်ပေးရမှု ဖြစ်သည့်အပြင် အီရတ်စစ်တပ်နှင့် အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများ၏ အကန့်အသတ် ရှိမှုကိုလည်း အထင်းသားပေါ်လွင် သွားစေခဲ့သည်။