ရန်ကုန်၊ ဇွန် ၂ ။ ။ မြန်မာအစိုးရက ဖမ်းဆီးထိန်းသိမ်းထားသည့် ရွှေ့ပြောင်း ၇၂၇ ဦးအား ကုန်းပေါ်သို့ ဆင်းခွင့်ပေးပြီး လူသားချင်းစာနာသည့် အကူအညီနှင့် စောင့်ရှောက်များကို ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ယမန်နေ့ ဇွန်လ ၁ ရက် ပုံမှန်သတင်းစာရှင်းပွဲ၌ အမေရိကန် မဟာဗျူဟာမြောက် ဆက်ဆံရေး အဆင့်မြင့် အကြံပေး မာရီဟာ့ဖ်က သတင်းထောက် များကို ဖြေကြားသည်။
မေလ ၂၉ ရက်၌ ထိန်းသိမ်းခဲ့သည့် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၂၇ ဦးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ ကုလသမဂ္ဂ၊ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ IOM တို့နှင့် ပူးတွဲ၍ လူသားချင်း စာနာသည့် အကူအညီများပေးရန် တိုက်တွန်းထားသည်လည်း ပြောသည်။
အဆိုပါ လှေစီး ရွှေ့ပြောင်းသမားများ၏ လုံခြုံရေးနှင့် ကျန်းမာရေးကိစ္စရပ်များကို အထူးဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အမေရိကန်နှင့် နိုင်ငံတကာမှ အကူအညီများပေးရန် လည်း အဆင်သင့် ဖြစ်နေကြောင်း ပြောဆိုသည်။ ထို့ပြင် မြန်မာရေတပ်က ရခိုင်ပင်လယ် ကမ်းရိုးတန်းမှ ရွှေ့ပြောင်း ၂၀၈ ဦးအား ကယ်တင်ခဲ့မှု အတွက်လည်း ကြိုဆိုသည်ဟု ဆိုသည်။