ပါကစ္စတန်အစိုးရသည် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်မည့်အရေးမှ နိုင်ငံကို ကယ်တင်ရန် ကြိုးပမ်းမှုတစ်ခုအဖြစ် နိုင်ငံပိုင်လုပ်ငန်းများ၏ အစုရှယ်ယာများကို ပြည်ပနိုင်ငံများထံ အရေးပေါ် ရောင်းချရန် စီစဉ်နေသည်။ ပါကစ္စတန် ဖက်ဒရယ်အစိုးရသည် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအားလုံးကို ရှောင်ကွင်း နိုင်မည့် စည်းမျဉ်းအမိန့်တစ်ခုကို အတည်ပြုခဲ့သလို ဆက်စပ် ဥပဒေခြောက်ခု ကျင့်သုံးနိုင်မှု အပါအဝင် စည်းမျဉ်း ထိန်းသိမ်းမှုဆိုင်ရာ စစ်ဆေးမှုများကို ဖျက်သိမ်းခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။
ပါကစ္စတန်ဗဟိုအစိုးရသည် အစိုးရအချင်းချင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စည်းမျဉ်းအမိန့် ၂၀၂၂ မှတစ်ဆင့် မြေဝယ်ယူမှုအတွက် ပြည်နယ်အစိုးရများကို ဝတ္တရားလိုက်နာဆောင်ရွက်ရစေမည့် ညွှန်ကြားချက်များ ထုတ်ပြန် ရန် ယင်းဘာသာ လုပ်ပိုင်ခွင့်အာဏာ ပြန်လည်အပ်နှင်းခဲ့ကြောင်း Express Tribune မီဒီယာက စည်းမျဉ်းအမိန့် မိတ္တူတစ်စောင်ကို ကိုးကား ဖော်ပြသည်။
ပါကစ္စတန်သမ္မတ အာရစ်ဖ် အယ်လ်ဗီက ထိုစည်းမျဉ်းအမိန့်ကို အတည်ပြု လက်မှတ်ထိုးပေးခြင်း မရှိသေးပေ။
နိုင်ငံ၏ အဖိုးတန်ပစ္စည်းများနှင့် အစိုးရကုမ္ပဏီများ၏ အစုရှယ်ယာများကို ပြည်ပနိုင်ငံများထံ ရောင်းချမှုအပေါ် ဆန့်ကျင်အတိုက်အခံပြုသည့် လျှောက်လွှာများကို လက်သင့်ခံခြင်း မပြုရန် ပါကစ္စတန်အစိုးရက နိုင်ငံရှိ တရားရုံးများကို တားမြစ်ထားကြောင်း Express Tribune မီဒီယာက ဖော်ပြသည်။
ပါကစ္စတန်ဗဟိုအစိုးရသည် ကြွေးမြီပြန်ဆပ်ရန် ပျက်ကွက်လုဆဲဆဲ အခြေအနေမှ ရှောင်လွဲနိုင်ရန် ဒေါ်လာ ၂ ဘီလီယံမှ ၂ ဒသမ ၅ ဘီလီယံအထိ မတည်ရှာဖွေရန် ရေနံနှင့် ဓာတ်ငွေ့ ကုမ္ပဏီများနှင့် အစိုးရပိုင် ဓာတ်အားပေး စက်ရုံများ၏ အစုရှယ်ယာများကို ယူအေအီးနိုင်ငံထံ ရောင်းချမည့် စည်းမျဉ်းအမိန့်တစ်ရပ်ကို ဇူလိုင် ၂၁ ရက်က အတည်ပြုခဲ့ကြောင်း Express Tribune မီဒီယာက ဖော်ပြသည်။