ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းနှင့် ၎င်း၏ဇနီး ဘုရှ်ရာ ဘီဘီတို့သည် PTI အစိုးရ သက်တမ်းကာလအတွင်း မြေကွက်ရာချီနှင့် ရူပီး ၅ ဘီလီယံတို့ကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူထားခဲ့ကြောင်း လက်ရှိအစိုးရက စွပ်စွဲလိုက်သည်။
အီမရန် ခန်းနှင့် ဇနီးဖြစ်သူတို့သည် PTI အစိုးရသက်တမ်းကာလအတွင်း ငွေကြေးခဝါချမှု အမှုကိစ္စတစ်ခု၌ အိမ်ခြံမြေကုမ္ပဏီတစ်ခုကို အကာအကွယ်ပေးပြီး အပြန်အလှန်အားဖြင့် မြေနှင့် ငွေကြေးများ လက်ခံ ရယူထားခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး ရာနာ ဆာနာအူလာက ဇွန် ၁၄ ရက်က အစ္စလမ္မာဘတ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။
အစ္စလမ္မာဘတ် အခြေစိုက် ပုဂ္ဂလိကပိုင် Bahria Town အမည်ရှိ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုသည် ဗြိတိန်နိုင်ငံရှိ ပါကစ္စတန်နိုင်ငံသားတစ်ဦးထံ ပါကစ္စတန်ရူပီး ၅၀ ဘီလီယံကို “တရားမဝင် လွှဲပြောင်း” ပေးထားခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ငွေလွှဲပြောင်းပေးမှုကို ဗြိတိန်၏ အမျိုးသား မှုခင်းအေဂျင်စီက ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်ဟု ရာနာ ဆာနာအူလာက ပြောကြောင်း ပါကစ္စတန်သတင်းစာက ဖော်ပြသည်။
အီမရန် ခန်းသည် ကိစ္စရပ်ကို ပြေလည်စေရေး တာဝန်ယူဖြေရှင်းရန် ၎င်း၏ လက်ထောက်ဖြစ်သူကို တာဝန်ပေးအပ်ထားခဲ့ကြောင်း ဆာနာအူလာက ပြောသည်။ ၎င်းတို့သည် အမှုကိစ္စတစ်ခုလုံးကို ကျေအေး ခဲ့ကြသည်ဟု ပါကစ္စတန်ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ထို့ပြင် ၎င်းတို့သည် Bahria Town ကုမ္ပဏီ၏ အပြစ်မကင်းမှုကို လျှော်ပေးရန် ရူပီး ၅၀ ဘီလီယံဖြင့် ညှိနှိုင်းအပေးအယူလုပ်ခဲ့ကြကြောင်းနှင့် ထိုငွေများမှာ ပါကစ္စတန်အစိုးရဘဏ္ဍာတိုက်က ပိုင်ဆိုင်သည့် နိုင်ငံပိုင်ဥစ္စာပစ္စည်းသာ ဖြစ်ကြောင်း ပါကစ္စတန် ပြည်ထဲရေးဝန်ကြီးက ပြောသည်။