မတ် ၂၈
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တပ်မတော်နေ့အထိမ်းအမှတ်ပြုလုပ်ရန် စစ်ကောင်စီတပ်သားများ တန်းစီနေချိန် ယမန်နေ့ မတ်လ ၂၇ ရက် နေ့လယ်ပိုင်းက တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း CDF-ကန်ပက်လက်က သတင်းထုတ်ပြန်သည်။
ကန်ပက်လက်မြို့တွင် ယမန်နေ့က မွန်းတည့် ၁၂ နာရီအချိန်ခန့်မှစ၍ မွန်းလွဲ ၂နာရီအချိန်အထိ စစ်ရေးပြပြုလုပ်ရန် တန်းစီနေသည့် စစ်ကောင်စီတပ်သားများကို CDF - ကန်ပက်လက် တပ်ဖွဲ့က ပြောက်ကျားစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ညနေ ၃ နာရီ အချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိခိုက်အကျဆုံးမရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟု ဆိုသည်။
ကန်ပက်လက်မြို့တွင် မတ် ၂၆ ရက်ကလည်း စစ်ကောင်စီတပ်သားများနှင့် CDF-ကန်ပက်လက်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ရဲတပ်သား တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း ကန်ပက်လက်မြို့မရဲစခန်းနှင့် အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ကူပေးခဲ့ပြီး မြို့ပေါ်နေအိမ်တစ်ချို့နှင့် ကျေးရွာများရှိ နေအိမ်အချို့ လက်နက်ကြီး ကျည်ကျရောက်ပြီး ပျက်စီးမှုများရှိခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။