မိုးသဲထန်စွာရွာသွန်းမှုကြောင့် ချောင်းဆုံမြို့နယ်တွင် အုပ်ချုပ်ရေးမှူးရုံးအပါဝင် နေအိမ် ၁၀ လုံးကျော် ပြိုကျပျက်စီး

ဩဂုတ်လ ၁၇ ရက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ရက်အတွင်း အုပ်ချုပ်ရေးမှူးရုံးအပါဝင် နေအိမ် ၁၀ လုံးကျော် ပြိုကျပျက်စီးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ ထံမှ သိရသည်။

ချောင်းဆုံမြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၁၆ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကလော့ကျေးရွာအုပ်စုရှိ အပြိုင်ကျေးရွာတွင် နေအိမ် ခြောက်လုံးပြိုကျပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

အလားတူ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီ အချိန်ကလည်း ချောင်းဆုံးမြို့နယ် ကလော့တောင်စောင်း မြေနံရံပြိုကျမှုဖြစ်ပွားခဲ့ရာ အုပ်ချုပ်ရေးမှူးရုံးတစ်လုံးနှင့် လူနေအိမ်လေးလုံးထပ်မံပြိုကျခဲ့ကြောင်း သိရ သည်။

ထိုသို့ သဘာ၀ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေအိမ်များမှ ဒေသခံများကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းများတွင်နေရာချထားပေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်မှုနှင့် တောင်ကျရေကျမှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီး များအပါအဝင် နေရာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းဖြစ်သည်။

စာတည်း ။ ။ Alden