ကြာအင်းဆိပ်ကြီးမြို့တွင် မိုးရေကြီးမှုနှင့် တောင်ကျရေကြောင့် လူနေအိမ်များနစ်မြုပ်

ဩဂုတ်လ ၁၇ ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် မိုးဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်မှု နှင့် တောင်ကျရေများကြောင့် နေအိမ်များရေနစ်မြုပ်သည်အထိ ကြုံတွေ့နေကြရကြောင်း ဒေသခံများ ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၆) ရပ်ကွက်တွင် ရေနစ်မြုပ်မှုအဓိကကြုံနေရပြီး အိမ်ထောင်စု ၅၀ နီးပါး ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ နေရကြောင်းဆိုသည်။

“ အခုလည်း မိုးကဆက်ရွာနေတုန်းပါ။ နေအိမ်အောက်ထပ်မြုပ်တဲ့ အိမ်တွေကတော့ ပြောင်းရွှေ့နေကြ ပါပြီ။ အထပ်မြင့်အိမ်တွေကတော့ လောလောဆယ်မပြောင်းရွှေ့ကြသေးဘူး” ဟု ဒေသခံတစ်ဦးကပြော သည်။

လက်ရှိတွင် ဇမိမြစ်ရေ ဆက်တက်လာနိုင်ဖွယ်ရှိသည့်အတွက် ရေကြီးနစ်မြုပ်နေသည့် အမှတ်(၆) ရပ်ကွက်ရှိ ဒေသခံရေဘေးဒုက္ခသည်များကို ယာယီနေထိုင်ရမည့်နေရာဖြစ်သော Community center (ဒေသအခေါ် ဘိုတဲ)နှင့် နေရာအချို့တွင် နေရာချထားပေးကြောင်းဆိုသည်။

ယင်းမြို့၏ စိုးရိမ်ရေအမှတ်မှာ ၃၅ ပေဖြစ်ပြီး လက်ရှိတွင် မြင့်တက်နေသည့် မြစ်ရေသည် ၃၂ ပေဖြစ် ကြောင်းလည်း သိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ် ။ ။ စောဖေ