ရွှေဘိုမြို့တွင် ခင်ဦးနယ်သား လူငယ် ၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

ဩဂုတ်လ ၁၆ ရက်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် သွားရောက်အလုပ်လုပ်ကိုင်မည့် ခင်ဦးနယ်သား လူငယ်ခုနစ်ဦးမှာ ရွှေဘိုမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရပြီးနောက် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံလိုက်ရကြောင်း ခင်ဦးဒေသကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

“အချို့က သေနတ်ပုံတက်တူး၊ နွေဦးတော်လှန်ရေးတက်တူးထိုးထားတယ်၊ သူတို့ကတော့ လယ်သမားတွေပဲ၊ မိဘတွေက လုပ်ငန်းစေလွှတ်ခိုင်းလိုက်တာပဲ၊ ဒါပေမယ့် ရပ်ရွာလုံခြုံရေးအတွက် ကင်းစောင့်တာတွေ ရှိတယ်၊ သပိတ်ကျင်းမြို့နယ်က ရွှေတောမှာ ရွှေလုပ်ငန်းလုပ်ဖို့ သွားတာ အခုလို အသတ်ခံလိုက်ရတာ” ဟု ခင်ဦးမြို့နယ်၊ ပေါက်တုံကျေးရွာကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ပေါက်က ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဝန်းကြီးကျေးရွာသားများဖြစ်ကြသည့်  ၎င်းတို့စီးနင်းလာသည့် ကားမှာ ရွှေဘိုတက္ကသိုလ်ရှေ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ စစ်ဆေးခံရပြီးနောက် စစ်သားများက အဆိုပါလူငယ်ခုနစ်ဦးကို ရွှေဘို လေ့ကျင့်ရေး (၈) တပ်ထဲသို့ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။ 

အသက်မပြည့်သေးသူ နှစ်ဦးအပါအဝင် လူငယ်ခုနစ်ဦးမှာ ဩဂုတ်လ ၁၄ ရက်နေ့၊ မနက်ပိုင်းတွင် ဖမ်းဆီးခံရပြီး ညနေပိုင်းတွင် ၎င်းတို့၏ ရုပ်အလောင်းများကို ခင်ဦးမြို့နယ် ရသာကျေးရွာအနောက်ဘက်အထွက် ဗျူဟာလမ်းဘေး ဇရပ်အနီးတွင် တွေ့ရှိရခြင်းဖြစ်သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ရုပ်အလောင်းများ၏ လက်၊ ခြေထောက်နှင့် ရင်ဘတ်တို့တွင် မီးလောင်ဒဏ်ရာများကိုတွေ့ရပြီး ဦးခေါင်းပွင့်ထွက် သေဆုံးနေသည့်အတွက် ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် သေနတ်ဖြင့် ဦးခေါင်းကို ပစ်သတ်ခြင်းဟု ယူဆကြောင်း ပေါက်တုံကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ပေါက်က ပြောသည်။

“ည ၈ နာရီလောက် သေနတ်သံတွေ ကြားလိုက်တယ်၊ အလောင်းတွေ လာချတာလား၊ ရောက်ပြီးမှ ပစ်သတ်တာလားဆိုတာတော့ လုပ်တဲ့သူတွေပဲ သိမယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံလိုက်ရသည့် လူငယ်များမှာ အသက် ၁၄ နှစ်အရွယ် မောင်မင်းညီ၊ အသက် ၁၅ နှစ်အရွယ် မောင်ဇော်ဟိန်း၊ အသက် ၁၉ နှစ်အရွယ် မောင်ကျော်သူဟိန်း၊ အသက် ၁၉ နှစ်အရွယ် မောင်ဖြိုးဝေစိုး၊ အသက် ၂ဝ အရွယ် မောင်မင်းကို၊ အသက် ၂၂ နှစ်အရွယ် မောင်နိုင်းနိုင်းနှင့် အသက် ၂၈ နှစ်အရွယ် မောင်သူရထွန်းတို့ ဖြစ်ကြသည်။

“မိဘတွေကတော့ ရင်ကွဲနာကျရူးတာပေါ့ဗျာ၊ ကိုယ့်သားသမီး ငယ်ငယ်နုနုလေးတွေ ဘာမှမဟုတ်ဘဲနဲ့ သက်သက်မဲ့ စစ်ကောင်စီ ခွေးသားတွေက သတ်ပစ်တာဆိုတော့” ဟု ဗိုလ်ပေါက်က ပြန်ပြောပြသည်။

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်ခံရလိုက်သည့် လူငယ်များ၏ ရုပ်အလောင်းများကို ဩဂုတ်လ ၁၅ ရက်နေ့၊ ညနေပိုင်းက သဂြိုဟ်ပေးခဲ့ကြောင်းလည်း ဒေသကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)