ယနေ့ ရန်ကုန် စက်သုံးဆီ အရောင်းဆိုင်များ မြင်ကွင်း

ဩဂုတ်လ ၁၄ ရက်

မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီ ကန့်သတ်ရောင်းချခြင်းနှင့် ဆီပြတ်လပ်ခြင်းတို့ဖြစ်ပေါ်နေသည့်အတွက် စက်သုံး ဆီဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ အတက်ဘက်သို့သာ ဦးတည်လျက်ရှိသည်။

ထိုသို့ စက်သုံးဆီဈေးနှုန်း မတည်ငြိမ်သည့် ဖြစ်စဉ်များကြောင့် ပြည်သူများ အနေဖြင့် စက်သုံးဆီဝယ်ယူရာတွင် အခက်အခဲကြုံတွေ့ရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ၉၂ တစ်လီတာ ၂,၃၀၀ ကျော်နှင့် ၉၅ တစ်လီတာ ၂,၄၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီး နေရာဒေသအလိုက် ၅၀၀ ကျပ်မှ ၁,၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်းကွာခြားချက်များ ဖြစ်ပေါ်နေကြောင်းသိရသည်။

ထို့အပြင် အချို့သော အရောင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်သည်ဟု ဆိုကာ အရောင်းရပ်ဆိုင်းခဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး စက်သုံးဆီ လိုသလောက် ရရှိနိုင်ခြင်း မရှိမည်ကို စိုးရိမ်ကြသူများက ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရသည်ကို တွေ့ရှိရသည်။

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် ရန်ကုန်ရှိ စက်သုံးဆီ အရောင်းဆိုင်မြင်ကွင်းများကို လိုက်လံကြည့်ရှုခဲ့ရာ ယမန်နေ့ကဲ့သို့ တန်းစီဝယ်ယူခြင်းများကို မတွေ့ရှိရပေ။

ရန်ကုန်တွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိဘဲ ပုံမှန်အတိုင်း ဝယ်ယူရရှိသော်လည်း ယနေ့ စက်သုံးဆီ ဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂,၃၂၀ ကျပ် ၊ ၉၅ တစ်လီတာ ၂,၃၉၀ ကျပ်နှင့် ၉၅ တစ်လီတာ၂,၀၀၀ ကျပ်အထက်တွင် တည်ရှိနေဆဲဖြစ်သည်။

ဒီဇယ်ဈေးနှုန်းများမှာလည်း မြင့်တက်နေဆဲဖြစ်ပြီး တစ်လီတာလျှင် ၂,၆၀၀ ကျပ်မှ ၂,၈၀၀ကျပ် ဝန်းကျင်အထိ ရှိနေသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး