ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာများမှလူနေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ

ဩဂုတ်လ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိကျေးရွာများအား စစ်ကောင်စီတပ်များက လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်အတွင်းမှ ဇီးဖြူကုန်း၊ ရွာနောင်၊ မုံသွင်၊ ဇီးရင်းကျေးရွာများအပြင် ရင်ပေါင်တိုင်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ ဒေသခံ များကို ရဟတ်ယာဥ်များအသုံးပြုကာ လိုက်လံပစ်ခတ်ခဲ့ပြီး လူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ် သည်။

“ မနက် ၇ နာရီလောက်က ရင်ပေါင်တိုင်ရွာထဲမှာရှိတဲ့ ဘုရားဘေးကနေ မီးစရှို့တာပါ။ စျေးနားက အိမ် တွေကိုလည်း မီးရှို့တယ်။ ဇီးဖြူကုန်းရွာထဲက အိမ်တွေကိုလည်း မီးရှို့တယ်ဗျ။ ၁၀ နာရီလောက် ရောက် တော့ ရဟတ်ယာဥ်နှစ်စီးတက်လာပြီး ရင်ပေါင်တိုင်နဲ့ ရင်ပေါင်တိုင်နားကရွာတွေကို ပတ်ပစ်နေတယ်။ ရင်ပေါင်တိုင်ရွာထဲကိုလည်း ရဟတ်ယာဥ်နဲ့ စစ်သားတွေချပေးသွားတယ်” ဟု ဒေသခံကတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အနောက် ဘက်ရှိ ကျေးရွာများအား ရဟတ်ယာဉ်များအသုံးပြု၍ လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယခုလက်ရှိတွင် ဒေသခံပြည်သူများ၏နေအိမ်များအား အကြောင်းမဲ့လိုက်လံဖျက်ဆီးနေ ခြင်းဖြစ်သည်။

လက်ရှိတွင် ရင်ပေါင်တိုင်ကျေးရွာနှင့် အနီးအနားရှိကျေးရွာများတွင် စစ်ကောင်စီတပ်များ တပ်စွဲထား သည့်အတွက် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို အတိအကျမသိရသေးကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ