မဲဆောက်မြို့ ဆာသူးလေကျောင်းတွင် (၇၂)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့နှင့် ရိုးရာ လက်ချည်ပွဲ ကျင်းပ

ဩဂုတ်လ ၁၂ ရက်

ထိုင်း- မြန်မာနယ်စပ်၊ ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ ဆာသူးလေစာသင်ကျောင်း၌ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သော (၇၂)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အောက်မေ့ဖွယ်အထိမ်း အမှတ် လွမ်းသူ့ပန်းခွေချဂုဏ်ပြုခြင်းနှင့် ကရင်ဓလေ့ရိုးရာ လက်ချည်ပွဲကို ကျင်းပခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအပါအဝင် လူ ၇၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကရင့်အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးကျဆုံးခဲ့သော ဩဂုတ်လ ၁၂ နေ့ကို ကရင့် အမျိုးသားအာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး ကရင်တိုင်းရင်းသားများနေထိုင်ရာ ဒေသအသီးသီးတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြရာ (၇၂) နှစ် တိုင်ခဲ့ပြီဖြစ်သည်။

ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ဝါခေါင်လလက်ချည်ပွဲသည် ရှေးဘိုးဘွားဘီဘင် လက်ထက်က ဆင်းသက်လာသည့် ဓလေ့အရ ဝါခေါင်လတွင် မကောင်းဆိုးဝါးများ ဝင်ရောက်သည်ဟု ယုံကြည်ချက်ဖြင့် မိမိလိပ်ပြာမလွင့်စေရန် လက်ကောက်ဝတ်တွင် ချည်များ ချည်နှောင်ထားရာမှ ဝါခေါင်လ လက်ချည်ပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ လက်ချည်ပွဲကို ဝါခေါင်လဆန်း ၁ ရက်နေ့မှစ၍ ဝါခေါင်လပြည့်နေ့အထိ နောက်ဆုံးထားကျင်းပ ကြကြောင်း သိရသည်။

စာတည်း ။ ။ စောဖေ

စာမူတည်းဖြတ် ။ ။ စောဖေ