ချင်းမိုင်မြို့တွင် “မြန််မာပြည်သူလူထုရဲ့ လွတ်မြောက်ရေးဟာ အာဆီယံလူထုရဲ့ လွတ်မြောက်ရေးရောင်နီဖြစ်တယ်”ဆိုသည့်ခေါင်းစဉ်ဖြင့်(၈၈၈၈) နှစ်ပတ်လည်နေ့ အခမ်းအနားပြုလုပ်

ဩဂုတ်လ ၈ရက်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Tha Phae Gateတွင် (၈၈၈၈) နှစ်ပတ်လည်နေ့ အဖြစ်ယနေ့ ဩဂုတ်လ ၈ရက်တွင် အခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို “မြန််မာပြည်သူလူထုရဲ့ လွတ်မြောက်ရေးဟာ အာဆီယံလူထုရဲ့ လွတ်မြောက်ရေးရောင်နီဖြစ်တယ်” ဆိုသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

" ဒီနေ့က ၈၈ အရေးတော်ပုံနဲ့ အာဆီယံရဲ့ မွေးနေ့တစ်ထပ်တည်း ကျတဲ့နေ့ဖြစ်ပါတယ်၊ အနုပညာဆန်ဆန် လှုပ်ရှားမှုပြုလုပ်ခဲ့တာပါ။ ချင်းမိုင်မှာ ရှိနေပေမယ့် မြန်မာတွေနဲ့ တစ်သားတည်းရှိတယ်ဆိုတာကို ပြတာပါ။ ပွဲတွေလဲ မကြာခနလုပ်ဖြစ်ပါတယ်၊ ဆက်လုပ်သွားဖို့တွေလဲ ရှိပါတယ်" ဟု ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်က ပြောသည်။

အခမ်းအနားတွင် အဖွင့်သီချင်းသီဆိုခြင်း၊ ထိုင်းရိုးရာယဉ်ကျေးမှုအက(Lanna)ဖြင့် တင်ဆက်ခြင်း၊ကဗျာရွတ်ဖတ်ကာ သရုပ်ဖော်ခြင်း၊ နိုင်ငံရေးသရော်သည့် ရက်ပ်(Rap)ရွတ်ဆိုခြင်း၊ မြန်မာ့ရိုးရာ ဆီမီးခွက်အကနှင့် အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများကြွေးကြော်ခြင်း တို့ကိုပြုလုပ်ခဲ့ကြသည်။

၈၈မျိုးဆက်ကျောင်းသားဟောင်းတဦးဖြစ်သည့် ခွန်းပက်ထရစ်ကလည်း အမှာစကားပြောကြားခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက်လှုပ်ရှားနေကြသူများအတွက် ဂုဏ်ပြုသီချင်းသီဆိုပေးခဲ့သည်။

" ၈၈နဲ့ အခုက တော်တော်အဆက်ပြတ်သွားတယ်လေ၊ ၈၈ က ဘယ်လိုတွေဖြစ်ပေါ်လာတယ်၊ ဘယ်လိုတွေ ဖြတ်သန်းခဲ့ကြရတယ်၊ ဘာတွေ လုပ်ခဲ့ရတယ်ဆိုတာကို ဒီပွဲမှာ လာပြောတာဖြစ်ပါတယ်၊ ၈၈လေးလုံးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို အတုယူပြီး နွေဦးတော်လှန်ရေးကို အင်တာအားတိုက် ပါဝင်ပြီး ရှေ့ဆက်ကြဖို့ ပြောချင်ပါတယ်" ဟု ခွန်းပက်ထရစ်က ပြောသည်။

အဆိုပါ အခမ်းအနားကို ထိုင်းနိုင်ငံမှလူငယ်များ၊ နိုင်ငံတကာမှ တက်ကြွလှုပ်ရှားသူလူငယ်များ၊ မြန်မာကျောင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းကြသူများက အင်အား ၁၅၀ဝန်းကျင် လာရောက်ပါဝင်ခဲ့ကြသည်။

နောက်ထပ်လုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ပွဲများတွင်လည်း ချင်းမိုင်ရောက်မြန်မာပြည်သူများအနေဖြင့် လူအင်အားများများဖြင့် လာရောက်ဝန်းရံပေးကြရန် ပွဲစီစဉ်သူများက တိုက်တွန်းထားသည်။