ကလေးမြို့ ရာဇဂြိုဟ်ကျေးရွာထဲ စစ်ကောင်စီတပ်မှ ပြည်သူနေအိမ်များဖောက်ထွင်းကာ မီးရှို့ဖျက်ဆီး

ဩဂုတ်လ ၆ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာထဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ ငွေကြေးကြွယ်ဝချမ်းသာမည်ဟု ယူဆသောအိမ်များကို ဩဂုတ်လ ၅ ရက်တွင် ဖောက်ထွင်းခိုးယူပြီး အပြစ်မဲ့ပြည်သူနေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

''စစ်ခွေး(စစ်ကောင်စီတပ်သား)တွေက ပိုက်ဆံရှိမယ်လို့ထင်တဲ့အိမ်တွေဖောက်တာ၊ အိမ်ဖောက်ခံရတာက ၁၀ အိမ်ဝန်းကျင်ဗျ၊ မီးရှို့ခံရတာကတော့ ၁၀ အိမ်ဝန်းကျင်ပါ၊ လက်နက်ကြီးထိမှန်တဲ့အိမ်ခြေက ငါးအိမ်ခန့်ရှိတယ်၊ စစ်ခွေးတွေကြောင့် ရှောင်ပြေးနေတဲ့ပြည်သူတွေထဲက အိမ်ကို အဝတ်အစားတွေ သွားယူတဲ့ သူထဲက နှစ်ယောက်လည်း ပစ်သတ်ခံရတယ်လို့ကြားတယ်။"ဟု ရာဇဂြိုဟ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်သတ်ခံရသူနှစ်ဦးမှာ စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ်ခေါ်ထားသူများလည်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောသော်လည်း မဇ္ဈိမအနေဖြင့် အသေးစိတ်သိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

တမူးမြို့မှ ကလေးမြို့ဘက်သို့ မိုင်းရှင်းရန် ဆင်းလာသည့် ယာဉ် ၁၀ စီးပါ စစ်ကောင်စီယာဉ်တန်းအား ဩဂုတ်လ ၄ ရက်တွင် ၅၅မိုင် ရွာအနီးတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (တွန်းဇံ) CDF – Ton Zang နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ စောင့်ကြို၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးရေ ၅၀ သေဆုံးပြီး ၁၀ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်းCDF – Ton Zang က ထုတ်ပြန်ထားသည်။

ထိုသို့ ထိခိုက်ကျဆုံးမှုများနေသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၅ရက် နံနက်ပိုင်းတွင် အင်အား ၃၀၀ ခန့်ဖြင့် ရာဇဂြိုလ်မြို့သို့ ဝင်ရောက်၍ ပြည်သူပိုင် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရာဇဂြိုလ်မြို့တွင် အိမ်ခြေ ၂,၀၀၀ ကျော်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)