မီဇိုရမ်တွင် ကလေးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် Mobile Charity Concert ပြုလုပ်

ဩဂုတ်လ ၂ ရက်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် စစ်ကိုင်းတိုင်းကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ကူညီနိုင်ရန် “Mobile Charity Concert” ကို ဇူလိုင်လ ၃၀ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ အခုလို ရန်ပုံငွေအတွက် ရှေ့ဆက်ပြီးလုပ်သွားဖို့ရှိပါတယ်။ ဒေသခံအဖွဲ့အစည်းများက ကူညီပံ့ပိုးပြီး လုပ်ဆောင်ပေးတဲ့အတွက် သူ့တို့အပေါ်မှာ မြန်မာနိုင်ငံသားများကိုယ်စား အထူးကျေးဇူးတင်ရှိရပါတယ်” ဟု NGO UNITED FOR DEMOCRATIC MYANMAR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ရန်ပုံငွေ ဂီတပွဲကို မီဇိုကျောင်းသားများအဖွဲ့ Mzo Zirlai Pawl (MZP) ၊ တေးဂီတအဆိုတော်များဖြင့်ဖွဲ့စည်းထားကြသော MZI, MDM နှင့် NGO United for Democratic Myanmar တို့မှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

ယင်းရန်ပုံငွေဖျော်ဖြေပွဲနေ့တွင် အိန္ဒိယငွေ ရူပီး ၉၂,၈၆၀ (မြန်မာငွေသိန်း၂၀ကျော်) ရရှိပြီး ဩဂုတ်လ ၆ ရက်နှင့် ၁၅ရက်နေ့များတွင်လည်း အိုက်ဇောလ်မြို့အတွင်း ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

ဂီတရန်ပုံငွေဖျော်ဖြေပွဲကို မြို့၏ အဓိကအချက်အချာကျသော လမ်းဆုံများဖြစ်သည့်

ထပ်ထင်း (Thakthin) , စကူးလ်ပွီးကွန် (Sikulpuikawn) , ခတ်တလား Khatla ရပ်ကွက်နှင့် Tennis court တို့တွင် အဆိုတော်များမှ သီဆို ဖျော်ဖြေခဲ့ကြပြီး အလှူငွေပုံးများ ထားရှိကာ အလှူခံခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကလေးမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၅၀,၀၀၀ ဝန်းကျင်ခန့်ရှိနေပြီး မိုးတွင်းကာလ ဖြစ်သည့် အလျောက် မိုးကာစ ၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်လျက် ရှိနေကြာင်း အကူအညီပေးရေးအဖွဲ့အစည်းများထံက သိရသည်။

ကလေးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လူနေအိမ်များမီးရှို့ခြင်းနှင့် စပါးကျီ ၊ စားနပ်ရိက္ခာသိုလှောင်ထားမှုများ ဖျက်ဆီးသဖြင့် စစ်ဘးရှောင်များအခက်အခဲများနှင့် ပိုမိုကြုံတွေနေရကြောင်း သိရှိရသည်။