မိုင်းဖုန်းဆရာတော် ဂူထွက်ပြီးနောက်အပူဇော်ခံ

ဩဂုတ်လ ၁ ရက်

မိုင်းဖုန်းဆရာတော်ဟုလူအများကသိကြသည့် ဆရာတော် စဝ်ခူးဝါး ဝင်းစုန်သည် သုံးနှစ် သုံးလ သုံရက်တိုင်အောင် ရှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းကျတ်မြို့နယ် ​မိုင်းကျတ်ဂူတွင် တရားကျင့်ကြံသည့် အဓိဌာန်အောင်မြင်ပြီးနောက် ယနေ့ (သြဂုတ်လ ၁ ရက်) နံနက် ၇နာရီက လူအများဖူးမျှော်နိုင်ရန် သံဃာတော်များ၊တပည့်ဒါယိကာများနှင့်အတူ ဂူထွက်ခဲ့ကြောင်းသိရသည်။

လာအို-မြန်မာနယ်စပ် တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသတွင် သီတင်းသုံးပြီး ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများမှအထူးကိုးကွယ်ကျသော မိုင်းဖုန်းဆရာတော်သည် ၂၀၁၈ ခုနစ်ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူအတွင်းပိတ်မိနေသော ကလေးငယ်များကို အသက်ရှင်လျက်နှင့်ပြန်တွေ့မည်ဟု အခိုင်အမာပြောဆိုခဲ့ပြီး အမှန်တကယ်ထိုကဲ့သို့ရှာတွေ့ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံတွင်လည်းကျော်ကြားသူဖြစ်သည်။

ဆရာတော်အားဖူးမျှော်ရန် မိုင်းကျတ်တွင် လွန်ခဲ့သော ရက်သတ္တပတ်ကတည်းက မြန်မာနိုင်ငံ၊ထိုင်းနိုင်ငံ၊လာအိုနိုင်ငံတို့မှ ဘုရားဖူးပေါင်းများစွာရောက်ရှိနေပြီး ဆရာတော်မှမိုင်းကျတ်တွင် ငါးရက်အဖူးမျှော်ခံကာ မိုင်းဖုန်းသို့တန်းကြွမည်ဖြစ်မည်ကြောင်းသိရသည်။