အမေရိကန် ဝါရှင်တန်ဒီစီ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကျင်းပ

ဇူလိုင်လ ၃၁ ရက်

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအနီးတဝိုက်နေထိုင်သော အဝေးရောက်မြန်မာပြည်သူများမှ ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို စစ်ကောင်စီကမတရား သေဒဏ်စီရင်မှု ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲနှင့် လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲကို ဝါရှင်တန်ဒီစီရှိ မြန်မာ သံရုံးရှေ့တွင် ဇူလိုင် ၃၀ ရက်နေ့က ကျင်းပပြုလုပ်သည်။

အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲတွင် “ တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ် ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်” ၊ “တော်လှန်ရေးပန်းတိုင်ရောက်သည် အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်” ၊ “တရားမျှတလွတ်လပ်ခြင်းနှင့် တန်းတူ ညီမျှခြင်းတို့သည် ဤမြေ၌တည်ပါစေသတည်း” ၊ “ တရားတဲ့သူသာ နိုင်ကြေးဟေ့” ဟု သံပြိုင် သစ္စာ အဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။