ကလေးမြို့ PDF တပ်ဖွဲ့များအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကျင်းပရာ ကန်ဒေါ်လာ ၂၁,၀၀၀ကျော် ရရှိ

ဇူလိုင်လ ၃၀ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (Kalay PDF) တပ်ဖွဲ့များအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲအား ကျင်းပပြီးစီးခဲ့ပြီး ကနဦးရေတွက်မှုများအရ အမေရိကန်ဒေါ်လာ ၂၁,၀၀၀ ကျော် လက်ခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ ပွဲအတွင်းမှာ ရေတွက်မှုအရ ဒေါ်လာ နှစ်သောင်းကျော် ရရှိထားပြီးပါပြီ၊ အာရှနိုင်ငံတွေက အလှူငွေတွေမပါသေးပါဘူး၊ ပါဝင်တဲ့သူအယောက်စီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်” ဟု ပွဲဖြစ်မြောက်ရေးစီစဉ်သူတစ်ဦးမှ ပြောသည်။

ရန်ပုံငွေဂီတပွဲကို ယနေ့ဇူလိုင်လ ၃၀ရက်နေ့ နံနက် ၇နာရီ ၃၀မိနစ်တွင် စတင်ပြီး အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသား ၁၇၀ကျော်မှ အလှူငွေထည့်ဝင်ကြကာ အာရှနိုင်ငံများဖြစ်သော ဂျပန် ၊ ကိုရီးယား ၊ဩစတြေးလျ ၊ ထိုင်း ၊ အိန္ဒိယ ၊ မြန်မာ တို့ မှ လှူဒါန်းမှုများအား တွက်ချက်ထားခြင်းမရှိသေးကြောင်း ဆိုသည်။

အဆိုပါဖျော်ဖြေပွဲတွင် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ချစ်သုဝေ ၊ ဒေါင်း ၊ ထွန်းခဏ် ၊ Shin Bia ၊ Becca Fanai ၊ Guys From Chin မှ P. Thawng Bawi ၊ Benjamin Sum နှင့် David Lai တို့ ပါဝင်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အလှူငွေများအား တိုက်ရိုက်ဖျော်ဖြေပွဲတွင် လှူဒါန်းမှုများရှိသကဲ့သို့ အလှူငွေဖြင့် သီချင်းတောင်းဆိုခြင်း ၊ ပွဲဖြစ်မြောက်ရေး မတည်ငွေ ၊ ပုဂ္ဂလိကနှင့် စီးပွားရေး စပွန်ဆာ အလှူငွေများဖြင့် ကဏ္ဍအသီးသီးခွဲကာ ထည့်ဝင်နိုင်ရန် စီစဉ်ခဲ့ကြောင်း ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသားကာကွယ်ရေးတပ်မတော် ကွပ်ကဲမှုအောက်တွင် ကလေးမြို့၌ PDF တပ်ရင်း ကိုးရင်းရှိပြီး ချင်းလူမျိုးပေါင်းစုံနှင့် ဗမာအပါဝင် အခြားလူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော တပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

PDF – Kalay စတင်ဖွဲ့စည်းထူထောင်သည့် မေလ ၂၀၂၁ မှစပြီး ဇွန်လ ၂၀၂၂ ခုနှစ် အထိ တိုက်ပွဲပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၃၀၀ခန့် သုတ်သင် ချေမှုန်းနိုင်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ဆိုသည်။

တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်အား ရဲရဲဝံ့ဝံ့ ရင်ဆိုင်တိုက်ခိုက်ရာမှ တပ်ဖွဲ့ဝင် ၃၃ဦး အသက်ပေးစွန့်လွှတ်ခဲ့ရပြီး ၁၀ဦးခန့် ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ရသည်အထိ တော်လှန်ရေးအတွက် ပေးဆပ်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် PDF – Kalay တပ်ရင်းများတွင် စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းမှစ၍ ကဏ္ဍများစွာတွင် ပြည်သူများ၏ ကူညီထောက်ပံ့မှုများစွာ လိုအပ်နေသောကြောင့် ဆက်လက်ပါဝင် ပံ့ပိုးဝန်းရံပေးကြရန် မေတ္တာရပ်ခံကြောင်း ပြောဆိုထားသည်။