ကျဆုံးအာဇာနည် ၄ဦးနှင့် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးရဲဘော်များအတွက် ဆန္ဒပြဆုတောင်းပွဲ အိန္ဒိယရဲတပ်ဖွဲ့ ပိတ်ပင်

ဇူလိုင်လ ၃၀ ရက်

စစ်ကောင်စီ၏ သေဒဏ်ပေးစီရင်မှုကြောင့် ကျဆုံးခဲ့ရသည့် အာဇာနည်လေးဦးနှင့် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးရဲဘော်များအတွက် ဆန္ဒပြဆုတောင်းပွဲကို အိန္ဒိယရဲတပ်ဖွဲ့က လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဆန္ဒထုတ်ဖော်ခွင့်ပြုထားသည့် ဂျန်တားမာန်တားအရပ်တွင် ကျဆုံးအာဇာနည်များနှင့် ဖမ်းဆီးခံထားရသည့် တော်လှန်ရေးရဲဘော်များအတွက် ဆန္ဒပြဆုတောင်းပွဲကို ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ ပြုလုပ်ရန် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ ဆန္ဒထုတ်ဖော်မှု ပြုလုပ်မယ့် ကိစ္စကို ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက သူတို့ ခွင့်ပြုပေးလိုက်ပြီးသား၊ အဲ့ရက်ကစပြီး နေ့တိုင်းလည်း သူတို့နဲ့ ကျွန်တော် အဆက်အသွယ်ရှိတယ်၊ ဘယ်လိုတွေ ပြမလဲ၊ လူအင်အား ဘယ်လောက်လဲမေးတယ်၊ အကုန်အဆင်ပြေတယ်၊ ဒီနေ့မနက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်မှု ပြုလုပ်မယ့် နေရာကို သွားဖို့ လူစုနေတဲ့အချိန်ရောက်မှ ဆန္ဒထုတ် ဖော်မှုကို ခွင့်မပြုန်ိုင်ပါဘူးဆိုပြီး ရုတ်တရက် သူတို့ဘက်က ဖုန်းဆက်လာတာ” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်သည့် CRPH NUG Support Group India မှ တာဝန်ရှိသူက မဇ္စျ်ိမကို ပြောသည်။

ထို့အပြင် ဗီကပ်ပူရီ(Vikas Puri)မြို့နယ်ရဲစခန်းမှ ဆန္ဒပြပွဲ ဦးဆောင်သူများနှင့် လိုက်ပါ ဆန္ဒထုတ်ဖော်မည့် လူအချို့ကို ရဲစခန်းသို့ ခေတ္တခဏ လိုက်ခဲ့ပေးပါရန်နှင့် ညှိနှိုင်းဆွေးနွေးစရာများရှိကြောင်းပြောဆိုကာ ရဲကားနှစ်စီးဖြင့် လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“စခန်းရောက်တော့ သူတို့အထက်က လာတဲ့ဖုန်းတွေ နားထောင်ပေးခဲ့ရတယ်၊ ကျွန်တော်တို့ဘက်က ပြောစရာရှိတာတွေလည်း ပြောခဲ့တာပေါ့၊ ဘာကြောင့်ခွင့်ပြုမိန့်ကို ပယ်ဖျက်လိုက်တာလဲ မေးတာကိုတော့ အထက်က လူကြီးတွေကိုပဲ မေးမြန်းလို့ရမယ်၊ သူတို့ဘက်ကတော့ ဖြေရှင်းပိုင်ခွင့် မရှိဘူး၊ ရှင်းပြပိုင်ခွင့် မရှိဘူး ဆိုပြီး မြို့နယ်ရဲစခန်းက ရဲတွေက ငြင်းကြတယ်၊ အဲ့လိုဆိုရင် ဆန္ဒထုတ်ဖော်မှုကို ခွင့်မပြုကြောင်း တရားဝင်စာထုတ်ပေးဖို့ တောင်းလိုက်တယ် ” ဟု တာဝန်ရှိသူက ဆက်ပြောသည်။

ထို့နောက် အိန္ဒိယန်ိုင်ငံ၊ နယူးဒေလီခရိုင်၊ ပါလီမာန်လမ်းမှ ရဲကင်းစခန်းက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ယာဉ်စည်းကမ်းဆိုင်ရာ အကြောင်းပြချက်များကြောင့် ယနေ့ပြုလုပ်မည့် ဆန္ဒထုတ်ဖော်မှုကို ခွင့်မပြုကြောင်း အသိပေးစာကို ပြန်လည်ပေးပို့ခဲ့သည်။

ယင်းအပြင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်မည့် ဂျန်တားမာန်တားအရပ်ကို မည်သူမှ သွားရောက်ခြင်းမရှိကြောင်းနှင့် ဆန္ဒထုတ်ဖော်ရန် စုစည်းရောက်ရှိနေသည့်လူများ နေထိုင်ရာနေရာအသီးသီးကို ပြန်သွားကြောင်း အာမခံသည့်အနေဖြင့် ဆန္ဒပြပွဲ ဦးဆောင်သူများကို မြို့နယ်ရဲစခန်းက လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည့် အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲကို တက်ရောက်မည့်သူ အင်အား ၃၀၀ ဝန်းကျင် ရှိခဲ့ကြောင်း CRPH NUG Support Group India က ဆိုသည်။

သို့သော် ဆန္ဒထုတ်ဖော်မှုကို အိန္ဒိယရဲတပ်ဖွဲ့က ခွင့်ပြုမိန့်မပေး၍ ပိတ်ပင်ခဲ့သည့်အတွက် လူအင်အား အနည်းငယ်ဖြင့် စုရပ်နေရာတွင်ပင် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်မှုကို အကျဉ်းချုံး ကျင်းပခဲ့ကြောင်း သိရသည်။

" ဒီမိုကရေစီမိခင်ကြီးလို့ တင်စားကြတဲ့ အိန္ဒိယနိုင်ငံက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စွမ်းစွမ်းတမံမလုပ်ပေး၊ မကိုင်ပေးတာကို တွေ့ရတယ်။ အိန္ဒိယနိုင်ငံမှာရောက်ရှိနေတဲ့ ကျွန်တော်တို့ မြန်မာန်ိုင်ငံသားတွေက အမှန်တရားကို ဖော်ထုတ်ဖို့အတွက် လုပ်ဆောင်ခဲ့ပေမယ့် အခုလို ပိတ်ပင်ခံလိုက်ရတယ်။ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေကြောင့် ဒီနေ့ ဆန္ဒမထုတ်ဖော်နိုင်ခဲ့တဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်။" ဟု ဆန္ဒထုတ်ဖော်မှုတွင် ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဂျန်တားမာန်တားအရပ်သည် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို လွတ်လပ်စွာပြောဆိုခွင့်အတွက် ခွင့်ပြုမိန့်တောင်းခံကာ ဆန္ဒထုတ်ဖော်ရန် အိန္ဒိယရဲတပ်ဖွဲ့က သတ်မှတ်ပေးထားသည့်နေရာဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ အာဏာသိမ်းမှုအခြေအနေများနှင့် ပတ်သက်ပြီး အဆိုပါ နယူးဒေလီမြို့ရှိ ဂျန်တားမာန်တားအရပ်တွင် မြန်မာပြည်သူများက ဆန္ဒထုတ်ဖော်ပွဲများနှင့် လှုပ်ရှားမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို အကြမ်းဖက် စစ်ကောင်စီ၏ အာဏာသိမ်းမှု တစ်နှစ် ခြောက်လ ပြည့်ပြီဖြစ်ပြီး ထိုကာလအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာပြည်သူများ၏ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒထုတ်ဖော်ပွဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ပထမဆုံးအကြိမ် ပိတ်ပင်ခံရခြင်း ဖြစ်သည်။