စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်စခန်း ဖျက်ဆီးခံရ

ဇူလိုင်လ ၂၀ ရက်

မကွေးတိုင်း၊ ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးအဖွဲ့၏ တပ်စခန်း မီးရှို့ဖျက်ဆီးခံလိုက်ရသည်။

စစ်ကောင်စီတပ်က ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းက ရှားလှကျေးရွာသို့ဝင်ရောက်ပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၂၇၀ ဝန်းကျင်ခန့်ဖြင့် မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ် နှင့် နာရီဝက်ကျော် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးခဲ့ပြီးနောက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်အနေဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

ယင်းသို့ ပြန်လည်ဆုတ်ခွာပြီးနောက် တပ်စခန်းကို မပြောင်းရွှေ့နိုင်ဘဲ စစ်ဘေးရှောင်များကိုအဓိထား ရွှေ့ပြောင်းပေးခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့က ဒေသကာကွယ်ရေးတပ်စခန်းကို မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ကျပ်သိန်း ၈၀ ခန့်တန်ဖိုးရှိပစ္စည်းများနှင့်ရိက္ခာများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်မှရဲဘော်တစ်ဦး လက်နက်ကြီးအစထိမှန်ခဲ့ပြီး မစိုးရိမ်ရ ဒဏ် ရာရရှိခဲ့ကြောင်း မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်က ပြောသည်။

“ တိုက်ပွဲက နာရီဝက်ကျော်ကြာတယ်။ အင်အား ၂၇၀ လောက်ရှိတယ်။ တိုက်ပွဲအသေးစိတ်တော့ ပြောပြ လို့ မရဘူး” ဟု မြေလတ်ဒေသဆိပ်ဖြူမြို့နယ် ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။