ဧရာဝတီတိုင်းအတွင်းရှိ စိုက်ပျိုးပြီးလယ်ယာမြေများတွင် ရွှေခရုကျရောက်ပြီးနောက် ရောဂါများပါ ဆက်တိုက်ကျရောက်နေ

ဇူလိုင်လ ၁၉ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီး၌ စိုက်ပျိုးပြီး လယ်ယာမြေများတွင် ရွှေခရုကျရောက်ပြီးနောက် ရောဂါများပါဆက်တိုက်ကျရောက်နေ၍ တောင်သူများအနေဖြင့် ဆေးဝါးများဝယ်ယူအသုံးပြုနိုင်ရန် ငွေကြေးမလုံလောက်မှု အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးပြီး လယ်ယာမြေများပေါ်တွင် ရွှေခရုများကျ ရောက်ခဲ့ပြီး လယ်ဧက ၃,၀၀၀ ထက်မနည်း ပျက်စီးခဲ့ရပြီးနောက် အခြားမြို့နယ်များတွင်ပါ ရွက်ညို ပျောက်ရောဂါ၊ စပါးဂုတ်ကျိုးရောဂါများ ထပ်မံကျရောက်ခဲ့ခြင်းဖြစ်သည်။

“ပျိုးမှာထဲက စကျနေတာ၊ ကိုယ်တင်ပဲလားလို့ထင်တာ တစ်တိုင်းလုံးမှာရှိတဲ့ နေရာအတော်များများမှာ ဖြစ်နေတယ်လို့ တခြားသူတွေကလည်းပြောတယ်။ ကျွန်တော်ဆို ရွက်ညိုပျောက်ဖြစ်တာ၊ ဆေးဝယ်နိုင် သူကဝယ်တယ် မဝယ်နိုင်သူကတော့ ထိုင်ကြည့်နေလိုက်တယ်။ ဆေးက စျေးအရမ်းကြီးတာ မဟုတ်ပေ မယ့် လုပ်သားခတွေရောနဲ့ဆိုရင် မလွယ်ဘူး” ဟု အိမ်မဲမြို့နယ်မှ တောင်သူတစ်ဦးကပြောသည်။

ရွက်ညိုပျောက်ရောဂါနှင့် စပါးဂုတ်ကျိုးရောဂါများကျရောက်ခြင်းမှာ တောင်သူများအနေဖြင့် မျိုးသန့်စပါး မဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်ပွားခြင်းဖြစ်သလို လယ်ယာမြေစတင်ပြုပြင်ချိန်ကတည်းက လိုအပ်သည့် ပိုးသတ်ဆေးများနှင့် အပင်အားဆေးများကို ထည့်သွင်း အသုံးပြုနိုင်ခြင်းမရှိသောကြောင့် ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။

“ဒီရောဂါကတွေက မျိုးကြောင့်လည်း ဆိုင်တယ်။ မျိုးက ခုခံအားနည်းလာတာပေါ့။ မိဘမျိုးစေ့၊ ပင်ပွား မျိုးစေ့၊ မျိုးသန့်မျိုးစပါးဆိုပြီး အမျိုးမျိုးအဆင့်ဆင့်ရှိတယ်။ မျိုးစပါးတစ်မျိုးက အများဆုံးသုံးနှစ်ပဲ မျိုးချန် သုံးလို့ကောင်းပြီးတော့ မျိုးလဲရမှာ။ ပုံမှန်အရဆိုရင် တောင်သူအများစုက ဒီနှစ် မျိုးလဲရမှာကိုမလဲနိုင် တော့ အရင်နှစ်ကချန်ထားတဲ့ မျိုးစပါးကိုပဲ ပြန်စိုက်လိုက်တာမှာ ခုခံအားနည်းပြီးတော့ ဖြစ်ကုန်တာ။ လိုအပ်တဲ့ဆေးတွေ မသုံးနိုင်တာလည်း ပါတယ်။ မျိုးစပါးစျေးမြင့်တာမို့ မဝယ်နိုင်ကြတော့ ခက်တာ”ဟု စိုက်ပျိုးရေးပညာရှင်တစ်ဦးကပြောသည်။

ယင်းအပြင် လက်ရှိကျရောက်နေသည့် ရောဂါများမှာ ဆေးဝါးသုံးစွဲနိုင်ပါက ကျော်ဖြတ်နိုင်မည်ဖြစ်သော် လည်း မကျော်ဖြတ်နိုင်ပါက သီးနှံအထွက်ဆုတ်ကာ အပင်များပုတ်ဆွေးသေဆုံးနိုင်သည်အထိ ဖြစ်စေနိုင် ကြောင်း သိရသည်။

“AI ဆိုရင် Zole အုပ်စုတွေက ဒါကိုနိုင်တယ်။ ဩဘာမှာဆို ထရိုင်းဒန့်ရှိမယ်၊ အာမိုမှာဆို မက်ဖန်းမီရှိမယ်၊ ကောင်းသုခဆိုရင် အဒိုဘီရှိမယ်။ အမျိုးအစားတော့ အများကြီးရှိတယ်။ တစ်ဧကစာ 120CC လောက်ကို အခုဆို ၁၅,၀၀၀ လောက်ပဲဆေးဖိုးကကုန်မယ်။ အရင်ကတော့ ၅,၀၀၀ သာသာပဲရှိတာတွေ။ တောင်သူတွေသုံးစွဲသင့်တယ် မဟုတ်ရင်အခင်းပျက်နိုင်တယ်”ဟု အဆိုပါ စိုက်ပျိုးရေးပညာရှင်က ဆက် လက်ပြောကြားသည်။

မြို့နယ်အသီးသီးအလိုက် စပါးဂုတ်ကျိုးရောဂါနှင့် ရွက်ညိုပျောက်ရောဂါများ ကျရောက်နေသည်မှာ မြောင်းမြခရိုင်တွင် ဧက ၁,၀၀၀ ခန့်၊ ပုသိမ်ခရိုင်တွင် ဧက ၁,၀၀၀ ခန့်၊ လပွတ္တာခရိုင်တွင် ဧက ၃၀၀ ခန့်၊ မအူပင်ခရိုင်တွင် ဧက ၁,၀၀၀ ခန့်၊ ဖျာပုံခရိုင်တွင် ဧက ၇၀၀ အထိ ကျရောက်နေကြောင်း စိုက်ပျိုးရေး ကုမ္ပဏီများမှ ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

“ကျွန်တော်တို့ဘက်က ရွှေခရုမထိခဲ့ဘူး။ အခုရောဂါမှကျတာ။ ဒီကောင်က ကူးစက်တတ်တာမို့ အကုန် နီးနီးလိုက်ထိကုန်တယ်။ ၁၃ ဧကလုံးအကုန်ထိသွားတာ။ ပထမပိုက်ဆံမရှိတော့ ကြည့်နေပေမယ့် မရတော့ ငွေတိုးချေးပြီးတော့ မိုးနည်းတဲ့ရက်မှာ ဆေးထည့်ဖို့လုပ်နေတယ်။ အကုန်စျေးတွေတက်တော့ ဒီနှစ်က အတော်ကိုမလွယ်ကူတဲ့ နှစ်ပါပဲ။ မြတ်မယ် မမြတ်ဘူးဆိုတာ မသိပါဘူး ဒါမှမလုပ်ရင် ဘာမှ မလုပ်တတ်လို့ ရှိတာကိုပဲ လုပ်နေရတာပါ”ဟု ငပုတောမြို့နယ်ရှိ တောင်သူတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းအတွင်း မိုးစပါးစိုက်ပျိုးဧက ၃ ဒသမ ၇ သန်းကျော်ရှိပြီး ယခုနှစ်တွင် သွင်းအားစုတန်ဖိုးများ မြင့်တက်လာခြင်းကြောင့် တောင်သူအများစုအနေဖြင့် ကြဲခင်းကိုသာ အဓိကစိုက်ပျိုးထားသောကြောင့် အထွက်နှုန်းများ လျော့ကျနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များ ခန့်မှန်းထားကြသည်။