လူထုခေါင်းဆောင် မွေးနေ့အမှတ်တရ တီရှပ် ရောင်းရငွေများအား စစ်ဘေးရှောင်စခန်းကို ကူညီ

ဇူလိုင်လ ၁၉ ရက်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာပြည်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ရန်ပုံငွေ ရှာကြံ၍ အကူအညီပေးနေသော Youth for Myanmar အဖွဲ့က ဇွန်လိုင်လ ၁၈ရက် ယမန်နေ့တွင် စစ်ဘေးရှောင်စခန်း တစ်ခုသို့ သွားရောက်အကူအညီပေးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ရက်နေ့တွင် ကျရောက်ခဲ့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ်အဖြစ် တီရှပ်များရောင်းချ၍ ရရှိလာသော ရန်ပုံငွေများကို Hnamchawm စစ်ဘေးရှောင်စခန်းသို့ သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ စခန်းထဲမှာ ရှိတဲ့ သူတွေရဲ့လိုအပ်ချက်တွေကို မေးမြန်းစုံးစမ်းပြီး သူတို့အတွက် အလိုအပ်ဆုံးဖြစ်တဲ့ ရိက္ခာများကို သွားရောက်လှူဒါန်းပြီး အားပေးစကား များပြောခဲ့ကြပါတယ်” ဟု Youth for Myanmar တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့အဖွဲ့မှ တီရှပ်ရောင်းရသည့် ရန်ပုံငွေများအပြင် မြန်မာနိုင်ငံသား ယက္ကန်းအဖွဲ့များ၊ Women for Justice ၊ Kalay Crisis Support Team (K C S T ) ၊ Dawrpui မြန်မာ ဘုရားကျောင်း နှင့် ပုဂ္ဂလိကများမှ ပါဝင်လှူဒါန်းသော ပစ္စည်းများအား စုပေါင်း၍ အတူတကွသွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ဘေးရှောင်များကို အားပေးစကားများ ပြောကြားခြင်းနှင့်အတူ သီချင်းများ သီဆိုခြင်းနှင့် ညနေစာ အတူတကွ ဝိုင်းဖွဲ့စားသောက်ပြီး အခက်အခဲများ နှင့် ကူညီနိုင်မည့်နည်းလမ်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အခက်အခဲအမျိုးမျိုးကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးများ ပညာမသင်ကြားနိုင်လျက်ရှိနေပြီး သက်ကြီးရွယ်အိုများရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း ဆိုသည်။

Youth for Myanmar အဖွဲ့သည် ရန်ပုံငွေ ဈေးရောင်းပွဲများ ကျင်းပပြုလုပ်ပြီး ရရှိလာသော အမြတ်ငွေများအား စစ်ဘေးရှောင်အသီးအသီးသို့ ပေးပို့လှူဒါန်းနေသည့် မြန်မာပြည်သား လူငယ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ခု ဖြစ်သည်။