ထောက်ပို့သူရဲကောင်း မင်းခန့်ကျော်အတွက် ၇ လပြည့် ချီတက်အလေးပြု

ဇူလိုင်လ ၁၉ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ထောက်ပို့ရဲဘော်မင်းခန့်ကျော် ခုနစ်လပြည့်အဖြစ် ဒီကနေ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် လွမ်းသူ့ပန်းခွေချအလေးပြုကြောင်း သိရသည်။

ရဲဘော်မင်းခန့်ကျော်အား ဒဏ်ရာဖြင့်ဖမ်းမိသွားသည်ကို စစ်ကောင်စီတပ်မှအနီးကပ် ပစ်ခတ်သတ်ဖြတ်ရာ ယမန်နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျဆုံးပြီး ၁၉ ရက်နေ့တွင် နာရေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကျဆုံးချိန်တွင် ရဲဘော်မင်းခန့်ကျော်မှာ ဒဿမတန်းဖြေဆိုထားသူဖြစ်ပြီး တိုက်ပွဲများတွင် ထောက်ပို့အဖြစ် တာဝန်ထမ်းဆောင်ရင်း ကျဆုံးရခြင်းဖြစ်သည်။

ဒီကနေ့ နံနက်ခင်းအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်သားများသည် အလံများတလူလူဖြင့် လူထုနှင့်အတူ ချီတက်ကာ ရဲဘော်မင်းခန့်ကျော်အား လွမ်းသူ့ပန်းခွေချကာ အလေးပြုခဲ့ကြသည်။