စစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံထားရသော က၀နှင့် သက္ကလမြို့နယ်မှ ဒေသခံ ၈ ဦး ၁၀ ရက်ကြာသည် အထိ အဆက်အသွယ်မရသေး

ဇူလိုင်လ ၁၄ ရက်

ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်နေသည့် က၀မြို့နယ်နှင့်သက္ကလမြို့နယ်မှဒေသခံရှစ်ဦး စစ်ကောင်စီတပ် ၏ဖမ်းဆီးခြင်းခံထားရပြီး ၁၀ ရက်ကျော်သည်အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံသတင်း ရင်းမြစ်ထံမှ သိရသည်။

သင်္ယန်းကျွန်းနှင့် တောင်ဒဂုံမြို့နယ်တို့တွင် ပြောင်းရွှေ့နေထိုင်လျှက်ရှိသည့် က၀မြို့နယ်မှ လူကြီးတစ်ဦး နှင့်လူငယ်ငါးဦးကို စစ်ကောင်စီတပ်က ၎င်းတို့နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ် သည်။

“က၀မြို့နယ်က ကျေးရွာတွေမှာနေထိုင်တဲ့သူတွေပါ။ လူကြီးတစ်ဦးနဲ့ လူငယ်လေးဦး ဖမ်းဆီးခံလိုက်ရ တာဖြစ်ပါတယ်။ အခုလက်ရှိ ရန်ကုန်မှာနေရင်း ဘာသာစကားသင်တန်းတက်နေတာလို့လည်း သိရ တယ်။ ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းနဲ့ ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းတွေမှာ သူတို့ရဲ့ နေအိမ်တွေကို စစ်တပ်က ဝင်ရောက်စီးနင်းဖမ်းဆီးသွားတာပါ ” ဟု ဒေသခံသတင်းရင်းမြစ်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က က၀မြို့နယ်မှဒေသခံခြောက်ဦးအပြင် ရန်ကုန်၌အိမ်ငှားကာ လာရောက်ဆေးကုသမှု ခံယူနေသည့် သက္ကလမြို့နယ်မှ လင်မယားနှစ်ဦးကိုလည်း ၎င်းတို့နေထိုင်နေသည့် တောင်ဥက္ကလာပမြို့ နယ်မှတိုက်ခန်းတစ်ခုတွင် ဇူလိုင်လ ၄ ရက်နေ့က ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

“ စစ်ကောင်စီကဖမ်းသွားတဲ့ သက္ကလက လင်မယားနှစ်ယောက်မှာ အမျိုးသမီးက ဆီးချိုနဲ့ ကျောက်ကပ် ဆေးခန်းပြနေရတာပါ။ သူတို့က အာဏာမသိမ်းခင်ကတည်းက ရန်ကုန်မှာတိုက်ခန်းငှားပြီး ဆေးသွားကု နေကြတာ” ဟု သက္ကလဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပြည်သူရှစ်ဦးကို စစ်ကောင်စီတပ်က PDF များအား ထောက်ပံ့မှုပြုလုပ်သည်ဟုဆိုကာ စွပ်စွဲ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင် ခြင်း မရှိပေ။

“အဖမ်းခံထားရတာ ၁၀ ရက်ရှိပြီ။ ဘယ်မှာထားမှန်းလည်း မသိဘူး။ ဘယ်ကိုစုံစမ်းပြီး ဘယ်လိုလိုက်ရ မှန်းလည်း မသိကြသေးဘူး။ ဘာကြောင့်ဖမ်းလဲဆိုတာလည်း မသိရသေးဘူး။ PDF တွေကို ထောက်ပံ့မှု လုပ်လို့ စွပ်စွဲဖမ်းဆီးခံရတယ်ဆိုတာမျိုးတော့ မြို့နယ်တွင်းမှာ ပြောနေကြတာရှိတယ်။ အတည်ပြုလို့ တော့ မရသေးဘူး” ဟု ဒေသခံသတင်းရင်းမြစ်က ဆက်ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူများနှင့် ယနေ့အချိန်အထိအဆက်အသွယ်မရရှိသေးသည့် အတွက် မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်။

ထို့အပြင် က၀မြို့နယ်အတွင်းရှိကျေးရွာအချို့တွင်လည်း စစ်ကောင်စီတပ်က အင်အားသုံးကာ ဝင်ရောက် စစ်ဆေးမှုများပြုလုပ်ခြင်းနှင့် နေအိမ်များအတွင်းဝင်ရောက်ကာ ပစ္စည်းများကိုယူဆောင်ဖျက်ဆီးခြင်းများ ပြုလုပ်နေပြီး ပြည်သူအချို့ ဖမ်းဆီးခံရခြင်းများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပုံ - စစ်ကောင်စီတပ်၏ ဖမ်းဆိီးခြင်းခံထားရသူများ