မြဝတီ-ဝေါ်လေ ကားလမ်းမကို ထိန်းချုပ်နိုင်ရန် စစ်တပ် သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေ

ဇူလိုင်လ ၁၃ ရက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေ ကားလမ်းမကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သို့သော်လည်း KNLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်နေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိအခိုက်အကျအဆုံးများနေကြောင်း သိရသည်။

ဇူလိုင် ၇ ရက်မှ စတင်ပြီး သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ ခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉)၊ ခမရ(၁၀၂)နှင့် လက်ရုံးတပ်ဖွဲ့များက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ထို့အပြင် ဗိုလ်မုတ်သုန်ဦးစီးသည့် BGF အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကြောင်းကလည်း စစ်ကောင်စီဘက်မှ ကူညီပြီး ဖလူးလေး၊ ဖလူးကြီးဒေသတွင်စုဖွဲ့ကာ မြဝတီ-ဝေါ်လေ ကားလမ်းမ တစ်လျှောက်ဒေသများသို့ ဝင်ရောက်လာ၍ နယ်မြေခံ KNLA တပ်ဖွဲ့နှင့် တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် ဖလူးဒေသတိုက်ပွဲတွင် ဟောက်ဝစ်ဇာအမြှောက် (တောင်ပေါ်ပစ်) များ၊ ၆၀ မမ စိန်ပြောင်းများကို အသုံးပြုကာ မြဝတီ-ဝေါ်လေကားလမ်းမ တစ်လျှောက််ကို ပစ်ခတ်နေသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၂၀ တွင်လည်း စစ်ကောင်စီတပ်နှင့် မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီတပ် တပ်မ ၄၄ လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် KNLA တို့ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့ အပါအဝင် အများအပြားသေဆုံးကာ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့သည်။

“ စစ်ကောင်စီဘက်က သာလွန်အင်အားအသုံးပြုနေပေမယ့် မြေပိုင်မှ စစ်နိုင်တာပေါ့လေ။ ကျနော်တို့က စစ်ဗျူဟာကောင်းကောင်းနဲ့ အသုံးပြုနိုင်တဲ့အတွက် အောင်မြင်မှုကိုရရှိခဲ့တာဖြစ်ပါတယ်။ ရဲဘော်တွေကလည်း တစ်ယောက်ခြင်းစီရဲ့ စစ်ရေ စစ်သွေး ထက်မြက်မှုကြောင့်လည်း ဒီလိုအောင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်ဗျ” ဟု cobra စစ်ကြောင်း KNLA မှ ပြန်ကြားရေးတာဝန်ခံ ကိုသူရမျိုးကိုကိုက ပြောသည်။

စစ်ကောင်စီဘက်မှ သာလွန်အင်အားဖြင့်တိုက်ခိုက်နေသော်လည်း ဇူလိုင် ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်သား ငါးဦး ထွက်ပြေးလာကာ KNLA တပ်ဖွဲ့ထံ CDM ပြုလုပ်ခဲ့ကြောင်း Cobra စစ်ကြောင်းမှ ထုတ်ပြန်ထားသည်။

CDM ပြုလုပ်လာသည့် တပ်သား ငါးဦး၏ ပြောဆိုချက်ဗီဒီယိုဖိုင်ထဲတွင် စစ်ကြောင်းအတွင်း၌ ထွက်ပြေးမည့်တပ်သား အများအပြားရှိနေပြီး တပ်တွင်းဖွဲ့စည်းပုံ ပျက်နေကြောင်းဆိုသည်။

ဇွန်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဥကရစ်ထတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ဦးရေ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး အဆိုပါ ခုနစ်ရက်အကြာတိုက်ပွဲတွင် စစ်ကောင်စီမှလေကြောင်းပစ်ကူ ၁၂၅ ကြိမ် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်သည် KNU ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၆ မြဝတီခရိုင် လေးကေ့ကော်ဒေသ၊ ဖလူးဒေသနှင့် ဝေါ်လေမြိုင်ဒေသတို့ကို ထိန်းချုပ်နိုင်ရန် စစ်အင်အားအများအပြား အသုံးပြုနေခြင်းဖြစ်သည်။