စိတ်ဒဏ်ရာရ မြေပြင်သပိတ်လူငယ်တစ်ဦး

ဇူလိုင်လ ၁၃ ရက်

“ကားဟွန်းတီးသံကြားရင် ကြောက်တယ်၊ ကားဟွန်းတီးသံကို ကြားရင် ဘယ်နေရာကိုရောက်နေ၊ ရောက်နေ စိုးရိမ်တကြီးနဲ့ကို လှည့်ကြည့်မိတယ်”

ရန်ကုန်က မြေပြင်ဆန္ဒပြပွဲတွေမှာ စစ်တပ်က ကားနဲ့တိုက်ပြီး ဖြိုခွင်းတာကို နှစ်ကြိမ်တိုင်တိုင် တွေ့ကြုံခဲ့ ရတယ်လို့ ကိုနေရှိုင်းက ပြောပြပါတယ်။

၂၀၂၁ ခုနှစ်မှာပဲ သီရီမင်္ဂလာဈေးဟောင်းအနီးနဲ့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတို့မှာ စစ်တပ်က သူတို့ရဲ့ မြေပြင်သပိတ်ဆန္ဒပြနေတာကို ကားနဲ့ တိုက်ပြီးဖြိုခွဲခဲ့ ပါတယ်။

အဲဒီဖြစ်စဉ်တွေမှာ စစ်ကားတွေဟာ ဆန္ဒပြ လူအုပ်ဆီကို ဟွန်းသံအကျယ်ကြီးတီးပြီး တစ်ရှိန်ထိုး ဝင်ရောက် လာခဲ့တာပါ။

“ဘာလုပ်ရမှန်းမသိဘူး ကြောင်သွားခဲ့တာ တကယ်ကို မထင်မှတ်ထားတာလေ။ တစ်ယောက်က ပြေးပြေးဆိုတော့မှ ပြေးလိုက်တာ” လို့ သူကပြောပြပါတယ်။

သပိတ်ဆန္ဒပြပွဲတွေ ပြုလုပ်တိုင်းမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရပေမယ့်လည်း ကိုနေရှိုင်းဟာ ၂၀၂၁ခုနှစ်ဖေဖော်ဝါရီလ ၆ရက်နေ့ကစလို့ ဒီဇင်ဘာလအထိ လမ်းပေါ်ဆန္ဒပြပွဲ ၃၀၀ကျော်မှာ တက်ကြွစွာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်တွေမှာ သူဟာ စစ်ကောင်စီနဲ့ ထိပ်တိုက်အကြိမ်ပေါင်း ၁၀၀ကျော်ကို ပုံစံမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရဖူးသူပါ။

အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ မြေပြင်သပိတ်တိုက်ပွဲများစွာမှာပါဝင်ခဲ့တဲ့ ကိုနေရှိုင်းက စိတ်ဒဏ်ရာရရှိစရာတွေ အများကြီး ကြုံတွေ့ခဲ့ရတာ အဆန်းတော့မဟုတ်ပါဘူး။

နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာလို့ခေါ်တဲ့ Trauma ဆိုတာကတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တစ်ခုအတွက် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုဖြစ်တယ်လို့ စိတ်နဲ့ ပတ်သက်တဲ့ ပညာရှင်တွေက အကြမ်းဖျဉ်း ဖွင့်ဆိုထားပါတယ်။

ကိုနေရှိုင်းခံစားနေရတဲ့ ကားသံကြားတိုင်း အိပ်မပျော်တာ၊ ကားဟွန်းတီးသံ ကြားရင် ထိတ်လန့်နေတတ်တာဟာ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတစ်မျိုးပါပဲ။

“သပိတ်တစ်ပွဲမှာကို ခံစားချက်ကအများကြီးပဲ ကြိုပြင်ဆင်ရတယ်။ ဒီကောင်တွေလာမှာကို ကြောက်ရတယ်။ စိုးရိမ်ရတယ်။ ဒါပေမယ့် သပိတ်ထွက်လို့ လူတွေ လက်ခုပ်တီးတဲ့အချိန်မှာ မြောက်တက်သွားသလို ပျော်ရတယ်။ စိတ်ခံစားမှုမျိုးစုံကို တစ်ပြိုင်တည်းကြုံရတာပေါ့” လို့ ကိုနေရှိုင်းကဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံလုံးကျွတ်ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်လာခဲ့ပေမယ့် ပြင်းထန်စွာ အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူလူငယ် လက်တစ်ဆုပ်စာလောက်ကသာ ဆန္ဒပြတောင်းဆိုမှုတွေကို လက်ရှိအချိန်ထိ ပြုလုပ်နိုင်နေဆဲ ဖြစ်ပါတယ်။

အာဏာသိမ်းမှု အစောပိုင်းကာလတွေကတည်းက စစ်တပ်ဟာ လူပေါင်းရာနဲ့ချီပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ကာ အာဏာရှင်တော်လှန်ရေး ဆန္ဒပြသပိတ်တွေကို တားဆီးဖြိုခွင်းခဲ့ပါတယ်။

ဒါကြောင့်လည်း ဒီမိုကရေစီရေးလှုပ်ရှားသူအများစုက စစ်တပ်ကို လက်နက်ကိုင်တိုက်ခိုက်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်း မြို့ပေါ်က လူတွေကို တော်လှန်ရေးဟာ သွေးမအေးကြောင်း ပြသဖို့အတွက် ကိုနေရှိုင်းကတော့ ရန်ကုန်မြို့ပြသပိတ်တွေကိုပဲ ဆက်ရွေးချယ်ခဲ့ပါတယ်။

“ကျနော်တို့မရှိဘူးဆိုရင် ရန်ကုန်သပိတ်အင်အားလည်း လျော့သွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ ရန်ကုန်သပိတ်အင်အားကောင်းလာအောင် ကျနော်တို့ လက်နက်ကိုင်တဲ့ လမ်းစဉ်ကိုမရွေးချယ်ခဲ့ကြတာပါ” လို့ သူကရှင်းပြပါတယ်။

အဲဒီလို ဆန္ဒပြသပိတ်တွေကို ဆင်နွှဲနေရင်းနဲ့ပဲ ကိုနေရှိုင်းတစ်ယောက် ဆိုးရွားတဲ့ အဖြစ်အပျက်တွေကို ဆင့်ကာ ဆင့်ကာ ကြုံခဲ့ရတယ်။

စစ်တပ်ရဲ့ ကားနဲ့တိုက်ဖမ်းတဲ့ အဆိုးရွားဆုံး ဖြစ်ရပ်ဟာ ၂၀၂၁ ဒီဇင်ဘာလ ၅ရက်နေ့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းသပိတ်မှာ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီသပိတ်မှာ သပြေခက်တွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တွေကို စစ်တပ်က ကားနဲ့ တိုက်ဖမ်းဆီးခဲ့တဲ့အတွက် သတင်းထောက်နှစ်ယောက် ဆေးရုံကိုရောက်ရှိခဲ့ပြီး သူတို့အပါအဝင် ဆန္ဒပြလူငယ် ကိုးဦး ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီဖြစ်စဉ်မှာ စစ်တပ်က ဆန္ဒပြလူငယ်တွေကို ရက်ရက်စက်စက် ကားနဲ့တိုက်တာကို ကိုနေရှိုင်း မျက်ဝါးဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။

“အဲဒီအချိန်မှာ ကျနော်က ညာဘက်ထောင့်မှာရှိတဲ့အတွက် ချာကနဲ နေအောင် ဘေးကိုထွက်ပြေးလိုက်တယ်။ ကျနော်က ဖြစ်စဉ်တွေ အကုန်လုံးကို မြင်ရတယ်“ လို့သူကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက ဆန္ဒပြလူငယ်တွေအပေါ် ပျစ်ပျစ်နှစ်နှစ်ဆဲဆိုတာတွေ သပိတ်အတွင်းမှာပါတဲ့ လူငယ်တွေကို ကားနဲ့ တိုက်လိုက်တာတွေကို တွေ့မြင်ခဲ့ရပါတယ်။

အထူးသဖြင့် သီရိမင်္ဂလာဈေးဟောင်းအနီးမှာ ပထမဆုံး ကားနဲ့တိုက်ဖမ်းစဉ်က သူနဲ့ အတူတူပြေးခဲ့ဖူးတဲ့ ဓါတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်း ကားတိုက်ခံရပြီး လဲကျသွားချိန်မှာတော့ ပိုပြီးထိခိုက်ဝမ်းနည်းခဲ့ရတယ်လို့ ကိုနေရှိုင်းက ဆိုပါတယ်။

“ကိုယ့်မိသားစုဝင် တစ်ယောက်ကို လူသတ်သမားတစ်ယောက်က လာသတ်နေတဲ့ အတိုင်းပဲ။ တစ်ဆစ်ဆစ်နဲ့နေအောင်နာတာ”လို့ ကိုနေရှိုင်းက သူရဲ့ ခံစားချက်ကိုပြောပြပါတယ်။

တကယ်တမ်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာဖို့အတွက် လမ်းမပေါ်ထွက် လက်သုံးချောင်းထောင်၊ ကြွေးကြော်သံတွေ တိုင်နေရုံမဟုတ်ဘဲ ဆန္ဒပြလူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကြောက်ရွံ့မှုတွေ မလုံခြုံမှုတွေနဲ့ ရင်းနှီးပြီး ပြုလုပ်နေကြရတာပါ။

သူတို့ တစ်တွေဟာ သပိတ်အပြီးမှာ လုံခြုံတယ်လို့ ထင်ရတဲ့ နေရာတွေမှာတောင် စိုးရိမ်ကြောင့်ကြမှုများစွာနဲ့ နေကြရတာဖြစ်ပါတယ်။

နေထိုင်တဲ့ လမ်းထဲမှာ ညဘက် ကားသံတွေ လူသံတွေကြားရတဲ့အချိန်တွေမှာ မီးတွေမှိတ်ပြီး မလွယ်ပေါက်တွေကနေ စိုးရိမ်တကြီးနဲ့ ကြည့်နေရတတ်ပါတယ်။

“ကျနော်တို့ က လမ်းပေါ်ထွက်ပြီး မျက်နှာတွေပြရတာဖြစ်တဲ့အတွက် ညဆိုလည်း ကျနော်တို့ လာဖမ်းမလားဆိုပြီး စောင့်နေရတယ်။ ထွက်ပြေးဖို့အတွက်ပေါ့” လို့ ၊ သူက မြေပြင်သပိတ်အဖွဲ့တွေ နေထိုင်ကြရပုံကို ပြောပြပါတယ်။

ဒါ့အပြင် သပိတ်တွေမှာပါဝင်တဲ့ လူငယ်တွေဟာ စစ်ကောင်စီရဲ့ စုံစမ်းထောက်လှမ်းမှုတွေ၊ စစ်ဆေးမှုတွေ၊ သတင်းပေးဒလန်တွေအပြင် ဖမ်းဆီးခံရတဲ့ ရဲဘော်တွေဆီက အချက်အလက်တွေပေါက်ခဲ့ရင် ဘယ်အချိန် လာဖမ်းမလဲဆိုတဲ့ စိတ်နဲ့ပဲ နေထိုင်နေကြရတာပါ။

ဒီစိတ်ဒဏ်ရာတွေကြောင့် အခုချိန်ထိ ညဘက်တွေကားသံကြားရင် ကြောက်ပြီး ထထကြည့်နေတတ်ပါတယ်။

“အခုဆိုညဆိုရင် သုံးနားရီလေးနာရီလောက်မှ အိပ်ပျော်သွားတယ်။ကားသံတွေကြားရင် ကြောက်ပြီး ထထကြည့်တုန်းပဲ” လို့ ကိုနေရှိုင်းက ဆိုပါတယ်။

ဒီစိတ်ဒဏ်ရာတွေ ရရှိခဲ့တာတွေက သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အခုဆိုရင် မြေပြင်သပိတ်တွေမှာ ပါဝင်သူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ညဘက်တွေဆိုကြောက်ရတယ်။ တော်တော်နဲ့ အိပ်မပျော်ဘူးဆိုတာတွေကို နေ့စဉ်နီးပါး တွေ့နေရပါတယ်။

ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲပြီးတဲ့နောက်မှာတော့ သူ့ရဲဘော်အများအပြားအဖမ်းခံရတဲ့ အတွက် ကိုနေရှိုင်းတစ်ယောက် လုံခြုံမှုလုံးဝမရှိတော့တဲ့ ရန်ကုန်မြို့ကို စွန့်ခွာပြီး မြေပြင်သပိတ်တွေမှာ ပါဝင်နိုင်ခြင်းမရှိတော့ပါဘူး။

ဒီအတွေ့အကြုံမှာ သူ့အနေနဲ့ အတော်လေး စိတ်ထိခိုက်ဝမ်းနည်းခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒါပေမယ့် ကျနော်တို့ရနေတဲ့ စိတ်ဒဏ်ရာက ဖမ်းခံရတဲ့ စစ်ကြောရေးရောက်နေတဲ့ ရဲဘော်တွေနဲ့စာရင် ပမွှားလေးပါ” လို့ ကိုနေရှိုင်းက ဆိုပါတယ်။

လက်ရှိမှာ လုံခြုံတယ်လို့ ဆိုနိုင်တဲ့နေရာကို ရောက်နေပေမယ့်လည်း စိတ်ဒဏ်ရာတွေကြောင့် မယုံကြည်မှုတွေ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေနဲ့ အလွယ်တကူဒေါသထွက်တတ်တာတွေကို ကြုံတွေ့နေဆဲဖြစ်နေပါတယ်။

အခုတော့ သူခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအတွက် ဆရာဝန်တွေနဲ့ ကုသမှုခံယူနေပါပြီ။

ဒီလို စိတ်ဒဏ်ရာတွေကို ကြုံတွေ့ခဲ့ရပေမယ့်လည်း လုံခြုံရေးအခြေအနေကြောင့် စွန့်ခွာလာခဲ့ရတဲ့ မြေပြင်သပိတ်တွေ ဆက်ရှိနေဖို့ ထောက်ပံ့ရေးလုပ်ငန်းတွေ၊ ရန်ပုံငွေရှာဖွေတာတွေကို အခုချိန်ထိ တတ်နိုင်တဲ့ဘက်က အားထုတ်ပေးနေဆဲပါ။

ကိုနေရှိုင်းလို လူငယ်တွေအများအပြားဟာ ဒီစိတ်ဒဏ်ရာတွေနဲ့ပဲ တော်လှန်ရေးကို နည်းမျိုးစုံနဲ့ ရှေ့ဆက်နေကြဆဲပါ။