ဗီယက်နမ်က ပင်လယ်ပြင် အလွတ်တန်းတပ်ဖွဲ့ကို ဖွဲ့စည်း

ဗီယက်နမ်က ပင်လယ်ပြင် အလွတ်တန်းတပ်ဖွဲ့ကို ဖွဲ့စည်း

အငြင်းပွားနေသော ရေပိုင်နက်အား လွှမ်းမိုးရန် တရုတ်က ကြိုးပမ်းနေသောကြောင့် ဗီယက်နမ်က တောင်တရုတ်ပင်လယ်တွင် ရေတပ် အလွတ်တန်းတပ်ဖွဲ့ကို တည်ဆောက်နေသည်ဟု တရုတ်စစ်ဘက် မဂ္ဂဇင်းတစ်စောင်အား ကိုးကား၍ South China Morning Post မှ သတင်းဖော်ပြခဲ့သည်။

ဟိုင်နန်ကျွန်းအနီး၊ ပါရာဆဲလ်ကျွန်းများနှင့် စပရက်တလီကျွန်းများအနီးရှိ ရေပြင်တွင် ဗီယက်နမ်ရေတပ် အလွတ်တန်းတပ်ဖွဲ့၏ လှုပ်ရှားမှုများသည် တရုတ်၏ ရေကြောင်း ဥပဒေစိုးမိုးရေးနှင့် အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နေကြောင်း Naval နှင့် Merchant Ships မဂ္ဂဇင်းက ပြီးခဲ့သည့်သီတင်းပတ်က သတင်းဖော်ပြခဲ့သည်။

ယင်းကိစ္စကို "အလေးအနက်ထားပြီး အချိန်မီကိုင်တွယ်ဖြေရှင်းရမည်" ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ ဗီယက်နမ် ထိန်းချုပ်ထားသော ကျွန်းများနှင့် သန္တာကျောက်တန်းများကို ကာကွယ်ရန် ကျူးကျော်ဝင်ရောက်လာသော နိုင်ငံခြားသင်္ဘောများကို မောင်းထုတ်ခြင်း၊ ရင်ဆိုင်တိုက်ခိုက်ခြင်း၊ ပင်လယ်ကင်းလှည့်မှုများနှင့် စောင့်ကြည့်ခွင့်အာဏာများပါဝင်သည့် ဥပဒေကို ဗီယက်နမ်က၂၀ဝ၉ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းခဲ့သည်။

ငါးဖမ်းလှေ ၈၀ဝဝ ခန့်နှင့် တံငါသည် ၄၆၀ဝဝ တို့သည် ဗီယက်နမ် ရေတပ်အလွတ်တန်းတပ်ဖွဲ့များ ဖြစ်သည်ဟု ဥရောပသမဂ္ဂက ခန့်မှန်းထားသော်လည်း နောက်ဆုံးကိန်းဂဏန်းများအရ အဖွဲ့ဝင် ၇၀ဝ၀ဝ ကျော်ရှိသည်ဟု မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ငါးမဖမ်းသည့်အချိန်တွင် အဆိုပါ ရေတပ် အလွတ်တန်းတပ်ဖွဲ့ဝင်များသည် အထူးတပ်ဖွဲ့မျိုးစုံတွင် ပါဝင်ရပြီး၊ တစ်ခါတစ်ရံ ဗီယက်နမ်ရေတပ်နှင့် ပူးပေါင်းဆောင်ရွက်ရကြောင်း ဖော်ပြခဲ့သည်။

၎င်းတို့၏ တာဝန်များတွင် တရုတ်စစ်တပ်အဆောက်အအုံများနှင့် သင်္ဘောများအား လျှို့ဝှက်ထောက်လှမ်းခြင်းနှင့် အနောက်တိုင်းမီဒီယာများ၏ အာရုံကို ဆွဲဆောင်ရန် တခါတရံ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များနှင့် တမင်တကာ တိုက်ခိုက်မှုများပါဝင်သည်ဟု မဂ္ဂဇင်းက ဆိုသည်။

ဗီယက်နမ်က အငြင်းပွားနေသော အာရှပင်လယ်ပြင်၌ တရုတ်ငါးဖမ်းသင်္ဘော အများအပြား ရောက်ရှိနေခြင်းကို ကန့်ကွက်ခဲ့ပြီး၊ တရုတ်၏ ချိုးဖောက်မှုများကို ရပ်တန့်ရန်နှင့် ဗီယက်နမ်၏ အချုပ်အခြာအာဏာကို လေးစားရန် တောင်းဆိုခဲ့သည်။

“တရုတ်သင်္ဘောများ၏ လုပ်ဆောင်မှုများသည် ဗီယက်နမ်၏အချုပ်အခြာအာဏာကို အကြီး အကျယ်ထိခိုက်နေကြောင်း” ဟန်နွိုင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး၊ ယင်းပြောကြားချက်က ဗီယက်နမ်၏ သူအုပ်စကျွန်းများ(စပရက်တလီကျွန်းများ)အတွင်းရှိ ဘဒူ(ဝှစ်ဆန်း) သန္တာကျောက်တန်းများတွင် တရုတ်သင်္ဘော အမြောက်အများ ရောက်ရှိနေခြင်းကို ရည်ညွှန်း ပြောကြားလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required