ပါကစ္စတန်နိုင်ငံ ဂီဂစ် ဘောလ်တီစတန်ဒေသ၌ ဖြစ်ပေါ်နေသည့် ဂျုံနှင့် လျှပ်စစ် လုံလောက်မှုမရှိသည့် အခြေအနေက အဆိုပါ ဒေသနှင့် ဒေသခံပြည်သူများအတွက် အလွန်တရာ စိုးရိမ်ပူပန်စရာ ကောင်းနေသည်။
ဆောင်းရာသီ ဝင်လာချိန်တွင် ဒေသ၌ စားနပ်ရိက္ခာနှင့် လျှပ်စစ် လိုအပ်မှုကို အကြီးအကျယ် ရင်ဆိုင် နေရခြင်းကြောင့် ဂီဂစ် ဘောလ်တီစတန်ရှိ အစိုးရနှင့် အဆိုပါဒေသအစိုးရအဖွဲ့ကို ဦးဆောင်နေသည့် ပါကစ္စတန် တီရစ်-အီ-အင်ဆက်ဖ် (PTI) ပါတီခေါင်းဆောင်ပိုင်းအပေါ် အပြင်းအထန် ဝေဖန်မှုများ ရှိလာခဲ့သည်။
ဂီဂစ် ဘောလ်တီစတန်ဒေသ၌ အထက်ပါအခြေအနေများအတွင်း ပြည်သူများ စိန်ခေါ်မှုအခက်အခဲများနှင့် တိုးမြင့်ကြုံတွေ့လာရခြင်းကြောင့် ပြီးခဲ့သည့်နှစ်များအတွင်း ဒေသခံပြည်သူများအကြား အမျက်ဒေါသများနှင့် စိတ်ပျက်လက်ပျက်ဖြစ်မှုများက ကြီးထွားလာခဲ့သည်။
လက်ရှိအခြေအနေကြောင့် နိုင်ငံရေးပါတီများအချင်းချင်းအကြား နိုင်ငံရေး ပဋိပက္ခတစ်ခုဆီသို့ ရောက်ရှိစေခဲ့ပြီး PTI ပါတီက လက်ရှိအခြေအနေသို့ ရောက်စေရန် ဖန်တီးနေခြင်းဖြစ်ကြောင်း PPP နှင့် အခြားပါတီများက စွပ်စွဲ နေသော်လည်း အဓိကအချက်တစ်ခုက ဂီဂစ် ဘောလ်တီစတန်ရှိ အစိုးရအဆက်ဆက်သည် ဒေသ၏ သဘာဝ အရင်းအမြစ်များကို မညှာမတာ ခေါင်းပုံဖြတ်အမြတ်ထုတ်ပြီး
မြေသိမ်းယူမှုများတွင် ပါဝင်ကျူးလွန်ခြင်းကြောင့် ဂီဂစ် ဘောလ်တီစတန်ပြည်သူများမှာ ခေါင်းပုံဖြတ်ခံသားကောင်များအဖြစ်သို့ ရောက်ရှိနေကြရခြင်းပင် ဖြစ်သည်။
ထို့ပြင် ဂီဂစ် ဘောလ်တီစတန် နိုင်ငံရေးသမားများသည် မြေပြင်ရှိ လက်တွေ့အခြေအနေနှင့် ကင်းကွာနေကြသလို ပြည်သူများ ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများကို သဘောပေါက်နားလည်နိုင်ရေး လုပ်ဆောင်ရန် စိတ်ဝင်စားခြင်း မရှိပေ။ ထို့ကြောင့် အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု ကင်းမဲ့မှုဆီ ဦးတည်စေခဲ့သည်။