NUG နှင့် တွေ့ဆုံခွင့် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုမှု စစ်ကောင်စီ လက်မခံ

NUG နှင့် တွေ့ဆုံခွင့် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုမှု စစ်ကောင်စီ လက်မခံ

ဖေဖေါ်ဝါရီ ၂၁

မတ်လထဲတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိနေသည့် အာဆီယံအထူးကိုယ်စားလှယ်သစ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ရရန် တောင်းဆိုထားမှုကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ယမန်နေ့ ဖေဖေါ်ဝါရီ ၂၀ ရက်တွင် ပယ်ချလိုက်ကြောင်း သိရသည်။

မြန်မာတွင် အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကြာ နိုင်ငံရေးအရ မတိုးသာ မဆုတ်သာအခြေအနေတစ်ရပ်ကို ပြေလည်စေရေး ကြိုးပမ်းမှုများရှိနေစဉ် NUG နှင့် တွေ့ဆုံဆွေးနွေးလိုသည့် အာဆီယံအထူးကိုယ်စားလှယ်၏ တောင်းဆိုမှုကို စစ်ကောင်စီက ပယ်ချခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖြုတ်ချခံ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသည့် NUG ကို အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် အကြမ်းဖက်စစ်ကောင်စီက ကြေညာထားသည်။

မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းပြီးနောက် ပရမ်းပတာအခြေအနေအောက် ကျရောက်နေပြီး နိုင်ငံစီးပွားရေးသည်လည်း တုံ့ဆိုင်းရပ်တန့်နေခဲ့ကာ အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းနှိမ်နင်းမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်း စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

လူထုဆန္ဒပြပွဲများ၊ စစ်အုပ်စု၏ လူမဆန်ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းမှုနှင့် လူပေါင်း ၁၂,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရမှုတို့ကို ဖြစ်စေခဲ့သည့် အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ရေး သံတမန်ရေးရာ အားထုတ်မှုများတွင် ၁၀ နိုင်ငံပါ အာဆီယံအုပ်စုက ရှေ့တန်းကနေ လုပ်ဆောင်နေခဲ့သည်။

မြန်မာဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သစ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက် ဆော့ခွန်းက ၎င်းသည် မတ်လထဲတွင် မြန်မာသို့ လာရောက်ရန် စီစဉ်ထားပြီး စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၁၇ ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတစ်ခု၌ ပြောခဲ့သည်။

ထို့ပြင် မလေးရှား၏ ထောက်ခံအားပေးမှုနှင့်အတူ ၎င်းအနေဖြင့် NUG ၏ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခွင့်ရရန် ကြိုးပမ်းထားခဲ့သည်ဟု သိရသည်။

ယမန်နေ့က မြန်မာအာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ပြီး ယင်းအနေဖြင့် “အာဆီယံအထူးကိုယ်စားလှယ်အပါအဝင် အာဆီယံနှင့် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်မှု” ကို လုပ်ဆောင်သွားမည်ဟု ပြောခဲ့သည်။

သို့ရာတွင် တရားမဝင်သော အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့များနှင့် အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံဆွေးနွေးမှုကို သဘောမတူနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုအဖွဲ့များသည် အကြမ်းဖက်မှု ကျူးလွန်နေပြီး လုံးလုံးလျားလျား ပျက်ဆီးစေရေး လမ်းကြောင်းကို လိုက်နေကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခဲ့သည်။

NUG နှင့် တွေ့ဆုံရန် အဆိုပြုချက်က အာဆီယံပဋိဉာဉ်၏ အခြေခံမူများနှင့် ဆန့်ကျင်နေသလို အာဆီယံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး အားထုတ်မှုများကိုလည်း ထိခိုက်စေကြောင်း စစ်ကောင်စီ ဝန်ကြီးဌာနက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly