ကရင်နီတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြီး တိုက်လေယာဉ် ၃ စီးဖြင့်လာရောက်ပစ်ခတ်

ကရင်နီတိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးမှုများပြီး တိုက်လေယာဉ် ၃ စီးဖြင့်လာရောက်ပစ်ခတ်
ဓာတ်ပုံ - PDF Loikaw

ဖေဖော်ဝါရီ ၂၀

ကရင်နီပြည်နယ် နှစ်နေရာ၌ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများသည့် အတွက် တိုက်လေယာဉ် သုံးစင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်းသိရသည်။

တိုက်ပွဲသည် မိုးဗြဲမြို့နယ်၊ ဝါရီဆူးပလိုင် ရွာနှင့် ဝီသဲခူးရွာ တစ်ဝိုက်တွင် စစ်ကြောင်းထိုးဝင်သော အကြမ်းဖက်စစ်ကောင်စီနှင့်လွိုင်ကော်မြို့နယ် လင်ဖုံလေးလမ်းခွဲအနီးရှိ တောင်ကုန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ဒေသခံပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြခြင်းဖြစ်သည်။

မိုးဗြဲ တိုက်ပွဲမနက်အချိန်မှစတင်ကာ ညအချိန်ထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်သည် သေဆုံးမှု ပျက်စီးမှု မြောက်များစွာနှင့် ရင်ဆိုင်ခဲ့ရကြောင်း လွိုင်ကော် PDF ၏ စစ်ရေးသတင်းတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - PDF Loikaw

အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံးနေကြသည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း အတည်ပြုပြီး အရေအတွက်ကိုမူ အတည်မပြုနိုင်သေးပေ။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်နေကုန်တစ်နေခန်း လက်နက်ကြီးကိုအဆက်မပြတ် ပစ်ခတ်ခြင်း၊ ညနေပိုင်းအချိန်တွင် တိုက်လေယာဉ် (၃) စီးဖြင့် ဖျက်အားပြင်း ဗုံးများကြဲချခြင်းတို့ကို အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီး တိုက်ခိုက်ခဲ့ကြသည်။

ထို့အပြင် ဝါရီဆူးပလိုင်ရွာနှင့် ဝီသဲခူးရွာ အနီးတစ်ဝိုက်ရှိ နေအိမ်များ ပြည်သူပိုင်ပစ္စည်းများကို လည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

လွိုင်ကော်မြို့နယ်တိုက်ပွဲတွင်လည်း လင်ဖုံလေးလမ်းခွဲအနီး စစ်ဆင်ရေးနေရာရှိ တောင်ကုန်းတွင် တပ်စွဲကာ မြို့အဝင် အထွက်လမ်းကို ထိန်းချုပ်ရန် ကြိုးစားနေကြသော အကြမ်းဖက်စစ်ကောင်စီအား လွိုင်ကော် PDF မှ ပြောက်ကျားထိုးစစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိုတိုက်ပွဲတွင် နေ့ခင်းပိုင်းအချိန်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှသေဆုံးမှုရှိကြောင်း၊ သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ခန္ဓာကိုယ်အား ပြန်ဆွဲထုတ်သွားသည်ကို မြင်တွေ့ရကြောင်း၊ မြေပြင်ရဲဘော်များ၏ မျက်မြင်တွေ့ရမှုကိုလွိုင်ကော် PDF မှ ထုတ်ပြန်ရေးသားထားသည်။

ဓာတ်ပုံ - PDF Loikaw

ထိုတိုက်ပွဲအား လွိုင်ကော် PDF အပါအဝင် KA၊KNDF၊ ဒီးမော့ဆို PDF၊ မိုးဗြဲ PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ၊ JPDF စသည့် မဟာမိတ် အဖွဲ့များမှ ပူးပေါင်းကာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ထိုတိုက်ပွဲ၌ ဒေသခံပူးပေါင်းတပ်များတွင် ကျဆုံးမှုမရှိကြောင်းနှင့် ဒဏ်ရာရရှိမှု အနည်းငယ်ရှိကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးဝင်လာသော ရွာလမ်းများတစ်လျှောက် ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးခြင်း မီးရှို့ခြင်း၊ ပြည်သူ့ စည်းစိမ်ပိုင်ဆိုင်မှုများကို လုယူခိုးဝှက်ခြင်း ဓားပြတိုက်ခြင်းတို့ကို ဆက်လက်ကျူးလွန်လျက်ရှိပြီး မိမိတို့ ကာကွယ်ရေးတပ်များမှလည်း ဆက်လက် တိုက်ပွဲဝင်ရင်း ပြည်သူနှင့် ပြည်သူ့အိုးအိမ်များ ကာကွယ်သွားမည်ဖြစ်ကြောင်း လွိုင်ကော် PDF မှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required