ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေ

By ပါခွီး/ဝေယံမိုး
20 February 2022
ကလေးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေ
ဓာတ်ပုံ - CDF-KKG

ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ကြာအင်းကျေးရွာတွင် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ)( CDF – KKG) က ဖေဖော်ဝါရီလ ၂၀ရက်တွင် ထုတ်ပြန်သည်။

"စစ်ကောင်စီတပ်တွေ စစ်ကြောင်း ထိုးလာတာတော့ သုံးရက်လောက်ရှိပြီ။ ဒီစစ်ကြောင်းကို မနေ့က ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက ကြားကနေဖြတ်ပြီး တိုက်ခိုက်လိုက်တာပါ” ဟု CDF-KKG ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ခင်း ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တစ်နာရီကြာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အင်အား ၇၀ ခန့် ရှိ စစ်ကောင်စီ စစ်ကြောင်းသည် ခြေလျင် ချီတက်လာရာ CDF – KKG နှင့်အတူ ချင်းကာကွယ်ရေး တပ်ဖွဲ့ (ဟားခါး) (CDF – Hakha ) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေးမြို့) (PDF – Kalay) ၊ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ၊ ရိန်းဂျားကလေးမြို့ ကာကွယ်ရေး တပ်ဖွဲ့ (RKDF )နှင့် ပ.က.ဖ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဘက်မှလည်း လက်နက်ကြီး၊ ငယ်များနှင့် ပြန်လှန်ပစ်ခဲ့ပြီး တိုက်ပွဲမှာ တစ်နာရီဝန်းကျင်ကြာမြင့်ခဲ့ကာ ပူးပေါင်းတပ်ဖွဲ့များ ထိခိုက် ကျဆုံးမှု မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ဖော်ပြသည်။

ကလေးမြို့တောင်ပိုင်းရှိ ရန်ကြီးအောင်ကျေးရွာတွင် စစ်ကောင်စီတပ် တစ်ခု

အထိုင်ချထား၍ ထိုရွာရှိ အိမ်ခြေ ၇၀၀ ခန့်မှ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည်နှင့် ဒေသခံကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး လိုအပ်သည့် လက်နက်ခဲယမ်းအတွက် ဒေသခံတော်လှန်ရေးတပ်များကြိုးစားဖြည့်တင်းနေရသည်ဟု CDF-KKG ပြန်ကြားရေးတာဝန်ခံကပြောသည်။

စစ်ကောင်စီကို ရရာနည်းလမ်းဖြင့် ဒေသအစုံမှ တိုက်ပွဲဝင်နေကြသည့် ကာကွယ်ရေးတပ်ဖွဲ့များက မလျော့သောဇွဲဖြင့်တော်လှန်ရေးတွင် ဆက်လက်ပါဝင်ပေးကြရန် ၎င်းကသတင်းစကားပါးသည်။

ဖေဖော်ဝါရီလ ၁၆ရက်ကလည်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင် ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား CDF – KKG နှင့် CDF – Hakha တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly