MRTVက ထုတ်လွှင့်သည့် ဆောင်းရာသီတေးများ အစီအစဉ်တွင် “ဒီဇင်ဘာည” သီချင်း သီဆိုမှု မူရင်းသီချင်းရှင် ဝေဖန်ရှုတ်ချ

MRTVက ထုတ်လွှင့်သည့် ဆောင်းရာသီတေးများ အစီအစဉ်တွင် “ဒီဇင်ဘာည” သီချင်း သီဆိုမှု မူရင်းသီချင်းရှင် ဝေဖန်ရှုတ်ချ

ဖေဖော်ဝါရီ ၂၀

စစ်ကောင်စီ လက်အောက်ခံ ရုပ်သံဌာန ဖြစ်သည့် MRTV တွင် ထုတ်လွှင့်နေသည့် ဆောင်းရာသီတေးများ အစီအစဉ်တွင် သီဆိုရန် ခွင့်ပြုမထားသည့် "ဒီဇင်ဘာည" သီချင်းကို သီဆိုသည့်အတွက် မူရင်းသီချင်းရှင်က ဝေဖန်ရှုတ်ချလိုက်သည်။

မြန်မာ့အသံရုပ်မြင်သံကြား (MRTV) တွင် ထိုအစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထုတ်လွှင့်ပြသခဲ့သည်။

ထို့အတွက် မူရင်းတေးသံရှင် လင်းနစ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန်ဝေဖန် ရေးသားထားသည်။

"ကျနော့်ရဲ့ စည်းကမ်းအရတော့ ပုံမှန်ဆို Private မှာပြောသမျှ SS ရိုက်မတင်ပါဘူး။ ဒီကောင်တွေနဲ့ပတ်သက်ရင်တော့ ဘာအထာမှ မထားနိုင်တော့ဘူး။ တက္ကသိုလ်လဲ့လဲ့ဆိုတဲ့ အန်တီက ဘယ်လိုပါးစပ်နဲ့ လာခွင့်တောင်းရဲလဲမသိဘူး။ ဒီခွေးမသားတွေလုပ်လို့ ဒုက္ခရောက်နေတဲ့ သူဆီကို ဒီခွေးမျိုးတွေရဲ့မီဒီယာမှာ တင်ဆက်ဖို့ ခွင့်လာတောင်းတယ်ဆိုတာ တော်ရုံ သောက်ရှက်မရှိတာတော့ မဟုတ်ဘူး''ဟုရေးသားထားသည်။

သည့်အပြင် "ဆိုမယ့် ချင်းတိုင်းရင်းသူဆိုတာလည်း အံ့ဩတာပဲ။ ကိုယ့်ပြည်နယ်တစ်ခုလုံး လေယာဉ်နဲ့ဗုံးကြဲလိုက်၊ မီးရှို့လိုက်လုပ်နေတာတောင် အဲဒီကောင်တွေဆီမှာ သွားဆိုနိုင်သေးတယ်။ ထားပါ။ ကိုယ့်ဘာသာ အရှက်မရှိလို့ လုပ်ကြရင်လည်း ကျနော့်သီချင်းဆွဲမထည့်ပါနဲ့ ။ လုံးဝခွင့်မပြုဘူး။ တားတဲ့ကြားက လုပ်ခဲ့ရင် လုံးဝ ခွင့်မလွှတ်ပါဘူး။ နောက်လည်း လာခွင့်မတောင်းကြနဲ့" ဟုရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ သီချင်းကို စစ်ကောင်စီက စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပသည့် "တူယှဉ်နွှဲပျော် ဂီတပွဲတော်" သီချင်းဆို ပြိုင်ပွဲတွင် ဒိုင်အဖြစ်ပါဝင်ခဲ့သည့် တေးသံရှင်လဲ့လဲ့က ၎င်း၏အမျိုးသား စန္ဒယားကွန်းဇော် ဦးစီးသည့် တေးဂီတအဖွဲ့နှင့် သီဆိုရန် တေးသံရှင်လင်းနစ်ထံတွင် ဖေ့ဘွတ်မက်ဆင်ဂျာမှ ခွင့်ပြုချက်တောင်းခံခြင်းဖြစ်ပြီး အနုပညာကြေးပေးမည်ဟု ပြောဆိုထားသည့် စာနှင့် ငြင်းဆိုထားသည့် စာများကို ဓာတ်ပုံ (စကရင်လျှော့) ရိုက်ပြီး တေးရေးလင်းနစ်က တင်ထားခြင်းဖြစ်သည်။

“ဒီဇင်ဘာည" သီချင်းကို သီဆိုသူမှာ ချင်းတိုင်းရင်းသူ မခင်သက်တင် (ရေဂျီးနား) ဖြစ်ပြီး ထို သီချင်း ဆိုပြိုင်ပွဲတွင် စစ်ကိုင်းတိုင်း ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ကာ နှစ်သိမ့်ဆု ရရှိခဲ့သူလည်း ဖြစ်သည်။

သူသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အငယ်တန်း စာရေးဖြစ်ပြီး သူ့အား စစ်ကိုင်းတိုင်းအတွင်းမှ ဝန်ထမ်းများအားလုံး မဖြစ်မနေ မဲပေးရမည်ဟု စစ်ကောင်စီဘက်က အမိန့်ထုတ်ထားသည့် စာလည်းထွက်ပေါ်လာခဲ့‌သေးသည်။

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly