တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသား ၂ ဦး သေဆုံး 

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသား ၂ ဦး သေဆုံး 

ဖေဖော်ဝါရီလ ၁၉ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပ၀ကျေးရွာ အနီးတွင် စစ်ကောင်စီက ရွာထဲရှိ ဒေသခံ ၆၀ နီးပါးကို ဖမ်းဆီးခဲ့ပြီးနောက် ရွာသား နှစ်ဦးကို ယနေ့ဖေဖော်ဝါရီ ၁၉နေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် စတင် ပတ်ခတ်မှုကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက် စစ်ကောင်စီတပ်ဖွဲ့က ရွာခံများကို ဖမ်းဆီးထားခြင်းဖြစ်သည်။ 

"စစ်ကောင်စီ လက်ချက်နဲ့ ဖမ်းဆီးခံ လိုက်ရတဲ့ ပ၀ကျေးရွာသား ဒေသခံ ဖြစ်တဲ့ ကိုမိုးအောင်နဲ့ ကိုအောင်ဝင်းတို့ နှစ်ဦး ပစ်သတ်ခံရတယ်"ဟု စစ်ဘေးရှောင် ထွက်ပြေး လာသည့် ဒေသခံ တစ်ဦးက ပြောသည်။ 

ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပ၀ကျေးရွာ အတွင်းရှိ ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရာမှ ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

ပ၀ရွာမှ ထွက်ပြေးလာသူ ဒေသခံ တစ်ဦးက "ကျေးရွာအတွင်း ကျန်ခဲ့တဲ့ သူတွေကို စစ်တပ်က အကုန် လိုက်ဖမ်း နေပါတယ်။ ဒီနေ့လည်း လယ်သစ်ရွာ၊ လယ်သစ် အရှေ့နဲ့ လယ်သစ် အနောက်ကမ်းတွေမှာ ပစ်ခတ်မှုတွေ ဆက်ရှိ နေတယ်။ ရွာသားတွေလည်း ဖမ်းခံထားရတယ် နောက်ပြီး ဒေသခံ နှစ်ယောက်ကိုလည်း ပစ်သတ်ခဲ့တယ်"ဟု ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသအခြေပြု PDF အဖွဲ့တို့ အကြား နှစ်ဖက် အပြန်အလှန် တိုက်ပွဲကြောင့် လက်နက်ကြီးများ ကျရောက်မှု ရှိနေ၍ ပဝါရွာမ၊ သက်ကယ်ကျော်၊ ချောင်းကောက်နှင့် အနီး အနားကျေးရွာများက ဒေသခံ ဦးရေ ၁၀၀၀ ဝန်းကျင်သည် နီးစပ်ရာ ဥယျာဥ်ခြံများထဲ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံများထံမှ သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ သည် အမြန်ရေယာဉ်ဖြင့် မြိတ်ထောက်ပို့ တပ်မှ ရိက္ခာ၊ စက်လက်နက်တို့ကို ရေကြောင်း၊ ကုန်းကြောင်းဖြင့် ထပ်မံ ပို့ဆောင် အင်အားဖြည့်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required