လပွတ္တာမြို့နယ် အထက်ပြွန်ကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူး အသတ်ခံရ 

လပွတ္တာမြို့နယ် အထက်ပြွန်ကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူး အသတ်ခံရ 

ဖေဖော်ဝါရီလ ၁၉ ရက်

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ် အထက်ပြွန်ကျေးရွာမှ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးသံချောင်းကို  ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် သတ်ခဲ့သည်ဟု  လပွတ္တာ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

သေဆုံးသူ ဦးသံချောင်းသည် ကြံခိုင်ရေး ပါတီဝင်လည်း ဖြစ်ပြီး စစ်ကောင်စီ တပ်များနှင့် ရဲများကို မဟုတ်မမှန် သတင်းပေးကာ လပွတ္တလုတ်နှင့် အထက်ပြွန် ကျေးရွာများမှ ဒေသခံ ပြည်သူများအား မတရား ဖမ်းဆီးခိုင်းနေသူ တစ်ဦးဖြစ်သည်ဟု  အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။ 

"သံချောင်းက ဒလန်အကြီးစား တစ်ယောက်ပါ။ လပွတ္တလုတ်နဲ့ အထက်ပြွန်ဘက်တွေမှာ သူ့ကြောင့်အဖမ်းခံရတာတွေမနည်းဘူး။ စစ်ကောင်စီ တပ်တွေ ခေါ်လာပြီး ဒေသခံတွေကို ခဏခဏ ဖမ်းခိုင်းနေလို့ သူ့စက်လှေကို အော်ဒါငှားပြီး မြစ်အလယ်မှာ ရှင်းလင်းခဲ့တာပါ။ အလောင်းနဲ့ သူ့စက်လှေကိုတော့ မြစ်ထဲကို မျှောလိုက်ပါတယ်။ ဘာလက်နက်နဲ့ လုပ်ခဲ့တယ် ဆိုတာတော့ လုံခြုံရေးအရ ပြောလို့ မရသေးပါဘူး။ ဦးသံချောင်းရဲ့ သားသမီးတွေ အတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ် " ဟု ၎င်းက ဆိုသည်။ 

ဦးသံချောင်းသည် အထက်ပြွန်ကျေးရွာနှင့် လပွတ္တလုတ်ကျေးရွာကို စက်လှေပြေးဆွဲနေသူ တစ်ဦး ဖြစ်ကြောင်း လပွတ္တာ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်က ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီ တပ်များနှင့် ရဲများက ဦးသံချောင်း သေဆုံးမှုနှင့် ပတ်သက်ပြီး လူကိုသတ်ကာ ငွေ ၂၅ သိန်းကျပ်ကို လုယူသွားသည်ဟု သတင်း ဖြန့်ထားသော်လည်း လပွတ္တာ မြို့ပြပြောက်ကျား တပ်ဖွဲ့က အဆိုပါ ငွေ ၂၅ သိန်းကျပ်ကို ယူဆောင်လာခြင်း မရှိကြောင်း တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required