၂၅ နှစ်အကြာက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိရန် ဝီဂါများ တောင်းဆို

၂၅ နှစ်အကြာက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်ခံမှုရှိရန် ဝီဂါများ တောင်းဆို

လွန်ခဲ့သော ၂၅ နှစ်က ချမ်းအေးသော ဆောင်းရာသီကာလ နေ့တစ်နေ့တွင် တရုတ်နိုင်ငံအနောက်ပိုင်း ဂူလ်ဂျာမြို့ (တရုတ်အခေါ်ယင်နင်း) မှ ဝီဂါလူငယ်များသည် ဘာသာရေးဖိနှိပ်မှုနှင့် လူမျိုးရေးခွဲခြားမှုကို အဆုံးသတ်နိုင်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ယင်းကဲ့သို့ တောင်းဆိုဆန္ဒပြမှုများကြောင့် ၁၉၉၇ခုနှစ်တွင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကာ ထိုဖြစ်ရပ်သည် တရုတ်နိုင်ငံရှိ မွတ်စလင်အများစုအပေါ် ဖိနှိပ်မှုနှင့် အကြမ်းဖက်မှု၏ ကြီးမားသော အဆင့်တစ်ခုအဖြစ် ဝီဂါများက ရှုမြင်ထားကြသည်။

အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့ဖွယ်ရှိပြီး ထောင်နှင့်ချီ၍ သေဆုံးနိုင်သည်ဟုဆိုကြသော်လည်း ထိုအချိန်က နိုင်ငံတကာ၏ အာရုံစိုက်မှု မရရှိသလောက်ဖြစ်ခဲ့သည်။

ပေကျင်းတွင်ကျင်းပသည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကြောင့် ကမ္ဘာက တရုတ်ကို အာရုံစိုက်လာချိန်၌ ဝီဂါများက ထိုနေ့အဖြစ်အပျက်ကို နိုင်ငံတကာမှ စုံစမ်းပေးရေး ဖိအားပေးရန်နှင့် သတ်ဖြတ်မှု၏နောက်ကွယ်မှ တာဝန်ရှိသူများကို ရှာဖွေရန် ဂူလ်ဂျာနှစ်ပတ်လည်နေ့ကို ကျင်းပလိုက်သည်။

“လွန်ခဲ့တဲ့ ၂၅ နှစ်က ဂူလ်ဂျာအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဟာ တရုတ်အာဏာပိုင်တွေရဲ့ ဝီဂါ လူမျိုးတွေအပေါ် ဆက်ဆံပုံနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့စုဝေးခွင့်ကို ဖြိုခွဲတဲ့ စံနမူနာပါပဲ။ အခု တရုတ်အစိုးရရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မူဝါဒတွေဟာ ဝီဂါလူမျိုးတွေ ထပ်ပြီးအသံမထွက်ရဲအောင် တားဆီးနေတာပါ” ဟု ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ကမ္ဘာ့ဝီဂါကွန်ဂရက် (WUC) ၏ ဥက္ကဋ္ဌ ဒေါ့ခွန်အီဆာက ပြောကြားခဲ့သည်။

လူမျိုးရေးနှင့်ဘာသာရေးအရ မတူကွဲပြားသော ပြည်သူများကို ထိန်းချုပ်ရန် အစိုးရက အပြင်းအထန် ကြိုးစားလျက်ရှိကာယနေ့အချိန်တွင် ဝီဂါ ၂ သန်းနီးပါးကို ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကျဉ်းစခန်းအများအပြားသို့ ပို့ဆောင်ထားသည်။

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ဝီဂါအသိုက်အဝန်း၏ ယဉ်ကျေးမှုနှင့်ရိုးရာအခမ်းအနားဖြစ်သော Meshrep ခေါ် ဝီဂါစုဝေးပွဲတားမြစ်ခံရမှုကို ဆန္ဒပြရန် ဝီဂါများက ဆန္ဒပြခဲ့ကြသည်။

သို့သော် ဆန္ဒပြသူများသည် တရုတ်လုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ခဲ့ကြပြီး ရေအမြောက်များဖြင့် လူစုခွဲခံခဲ့ရသည်။ ထိုနည်းဖြင့် အလုပ်မဖြစ်သောအခါ လုံခြုံရေးတပ်ဖွဲ့များက သေနတ်များကို အသုံးပြုခဲ့ကြသည်ဟု မျက်မြင်သက်သေများက ဆိုသည်။

ထိုအချိန်က တရုတ်အစိုးရသည် ဆန္ဒပြမှုအတွင်း လူ ၁၀ ဦးသာ သေဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး ဆန္ဒပြသူများကိုလည်း သူပုန်များ ဟုခေါ်ဝေါ်ခဲ့သည်။

ဝီဂါအဖွဲ့အစည်းများနှင့်နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက ဆန္ဒပြသူ ၂၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်းနှင့် ထောင်ပေါင်းများစွာ ဖမ်းဆီးခံရကြောင်း နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

တရုတ်အစိုးရက အဆိုပါဖြစ်ရပ်နှင့် ဆက်နွှယ်နေသည့် ဝီဂါများကို ဆက်လက်ရှာဖွေနေသည်။ ဆန္ဒပြပွဲနှင့် အခြားဆန္ဒဖော်ပွဲထုတ်များတွင်ပါဝင်မှုကြောင့် ဖမ်းဆီးခံရသူအများအပြားသည် ဝီဂါများအခေါ် ထိန်းသိမ်းရေးစခန်းဟုဆိုသော ပြန်လည်ပညာပေးရေးစခန်းများထဲတွင် ဘဝကို အဆုံးသတ်ခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly