အာဖဂန်နစ္စတန်တွင် နေရပ်စွန့်ခွာရမှု များပြားနေပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မြင့်တက်နေ

By Afghanistan news.net
17 February 2022
အာဖဂန်နစ္စတန်တွင် နေရပ်စွန့်ခွာရမှု များပြားနေပြီး လူသားချင်းစာနာမှုအကူအညီ လိုအပ်ချက်မြင့်တက်နေ

အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ပြည်သူ ၇ သိန်းကျော်သည် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ အေဂျင်စီက ဖေဖေါ်ဝါရီ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

ယမန်နှစ်မတိုင်မီကာလများကပင် နေရပ်စွန့်ခွာထွက်ပြေးထားခဲ့ကြရသူ အရေအတွက် ၅ ဒသမ ၅ သန်းခန့် ရှိနေပြီးဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောသည်။

“အာဖဂန်နစ္စတန်မှာ ဖြစ်နေတဲ့ အကျပ်အတည်းကြောင့် လူသားချင်းစာနာမှု လိုအပ်ချက်တွေက များပြားလာနေပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးရမှုတွေကလည်း များပြားလာနေပြီး နိုင်ငံတွင်းမှာ နေရပ်စွန့်ခွာမှုတွေ ရှိနေရုံသာမကဘဲ နယ်စပ်တွေကို ဖြတ်ပြီး ဒေသတွင်း အခြားနိုင်ငံတွေဆီ ထွက်ပြေးမှုတွေအထိ ဖြစ်ပေါ်လျက် ရှိပါတယ်” ဟု ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ယူဂိုချီ ဒန်နီယယ်စ်က ပြောသည်။

အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများအပါအဝင် အာဖဂန်ပြည်သူများသည် ပျော့ကွက်အားနည်းချက်များ ရှိနေခြင်းနှင့် အကာအကွယ်ပေးခံရမှု မရှိခြင်း စသည့် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်နေရကြောင်း ကုလ အေဂျင်စီက ပြောသည်။

တာလီဘန်တို့သည် ယခင်ကလည်း အာဖဂန်နစ္စတန်ကို ၁၉၉၀ ပြည့်နှစ်ကုန်ပိုင်းမှ ၂၀၀၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ဖူးသည်။

ပြီးခဲ့သည့် ဩဂုတ်လက အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရ ပြိုလဲပြီး နိုင်ငံတကာ တပ်ဖွဲ့များ နိုင်ငံတွင်းမှ ဆုတ်ခွာပြီးနောက်တွင် တာလီဘန်တို့ နောက်တစ်ကြိမ် ပြန်လည်အာဏာရလာခြင်း ဖြစ်သည်။

နိုင်ငံသည် ပြိုလဲမှု ချောက်ကမ်းပါးသို့ တဖြည်းဖြည်း ဦးတည်နေချိန်တွင် လူဦးရေထက်ဝက်ကျော်သည် လူသားချင်းစာနာမှု အကူအညီများကို အရေးတကြီး လိုအပ်နေသည်။

“အာဖဂန်ပြည်သူ အားလုံးနီးပါးဟာ ခုချိန်မှာ ဆင်းရဲနွမ်းပါးမှုအောက် ကျရောက်ထားခဲ့ပါပြီ” ဟု ဒန်နီယယ်စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly