တရုတ်ကို တန်ပြန်သည့်အနေဖြင့် အမေရိကန်က ဆော်လမွန်ကျွန်းစုတွင် သံရုံးပြန်ဖွင့်ရန် စီစဉ်

တရုတ်ကို တန်ပြန်သည့်အနေဖြင့် အမေရိကန်က ဆော်လမွန်ကျွန်းစုတွင် သံရုံးပြန်ဖွင့်ရန် စီစဉ်

တရုတ်နိုင်ငံက ဩဇာလွှမ်းမိုးမှု အလျင်အမြန်ချဲ့ထွင်လျက်ရှိသော တောင်ပစိဖိတ်ဒေသ ဆော်လမွန်ကျွန်းစုဒေသ၌ အမေရိကန်ကလည်း ၎င်းတို့၏ တည်ရှိမှုကို အရှိန်မြှင့်ရန် အဆိုပါ ကျွန်းစုတွင် သံရုံးပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်က ပြောကြားသည်။

ဘလစ်ကင်သည် အနီးနားရှိ ဖီဂျီနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း ပစိဖိတ်ကျွန်းနိုင်ငံတွင် သံရုံးအသစ်ဖွင့်လှစ်မည့်အကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး အမေရိကန်သည် ဆော်လမွန်ကျွန်းစုနှင့် သံတမန်ဆက်ဆံရေး လျှော့ချပြီးနောက် ၂၉ နှစ်အကြာတွင် ယခုသို့ ပြောဆိုလာခြင်းဖြစ်သည်။

လူဦရေး ၈၀၀ ၀၀၀ ခန့်ရှိသော ကျွန်းစုတွင် နိုဝင်ဘာလက ဆန္ဒပြသူများက ပါလီမန်ကို ဝင်ရောက်စီးနင်းရန် ကြိုးပမ်းခဲ့ကြပြီးမြို့တော် ဟိုနီအာရာရှိ တရုတ်ရပ်ကွက်နေရာအများအပြား မီးရှို့ဖျက်ဆီးခဲ့ကြကာ ၃ ရက်ကြာ အဓိကရုဏ်များဖြစ်ပွားပြီးနောက် လအနည်းငယ်တွင် အမေရိကန်က သံရုံးပြန်ဖွင့်ရန် စီစဉ်လာခြင်းဖြစ်သည်။

အမေရိကန်သည် ၁၉၉၃ ခုနှစ်တွင် ဆော်လမွန်ကျွန်းမြို့တော်ရှိ ၎င်း၏သံရုံးကို ပိတ်ခဲ့သည်။ ပါပူဝါနယူးဂီနီနိုင်ငံ မြို့တော် ပေါ့မော့စ်ဘီတွင် သံရုံးတစ်ရုံးရှိပြီး ယခုအခါ ဆော်လမွန်ကျွန်းတွင် ကောင်စစ်ဝန်ရုံးသာ ထားရှိသည်။

“အခုအချိန်မှာ အရေးကြီးဆုံးကတော့ ဆော်လမွန်ကျွန်းမှာဖြစ်ပျက်နေတဲ့အရာတွေပါ။ တပ်ဖွဲ့တွေနဲ့ ဝန်းရံထားတဲ့သမ္မတကို တရုတ်လုံခြုံရေးတပ်တွေက ထပ်မံအားဖြည့်ပေးနေတဲ့အတွက် ဒေသတစ်ဝှမ်းမှာ စိုးရိမ်ကြောင့်ကြမှုတွေ အများအပြား ဖြစ်စေခဲ့တာပါ” ဘလစ်ကင်က ပြောသည်။

ဆော်လမွန်ကျွန်းစုတွင် သံရုံးပြန်လည်ဖွင့်လှစ်ခြင်းဖြင့် ဒေသတွင်းရှိ သံတမန်ဝန်ထမ်းများကို ပိုမိုနေရာချထားပေးရေးအမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက် အကောင်ထည် ဖော်မည်ဖြစ်ကြောင်းပေါ့မော့စ်ဘီရှိ အမေရိကန်သံရုံးမှ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

ရည်ရွယ်ချက်မှာ ပစိဖိတ်အိမ်နီးချင်းများနှင့် ပိုမိုထိတွေ့ဆက်ဆံရန်၊ မြေပြင်လိုအပ်ချက်များနှင့် အမေရိကန်၏ အစီအစဉ်များနှင့်အရင်းအမြစ်များ ချိတ်ဆက်ပေးရန်နှင့် လူအချင်းချင်း ဆက်ဆံရေးတည်ဆောက်ရန်ဖြစ်သည်ဟု ဆိုသည်။

သံရုံးဖွင့်လှစ်ရန်အဆိုပြုချက်နှင့်ပတ်သက်ပြီးအမေရိကန်ကွန်ဂရက်လွှတ်တော်နှင့် အိမ်ဖြူတော်၏ အတည်ပြုချက်လိုအပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required